သဘာဝဘေးအန္တရာယ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် စေတနာရှင်များက အလှူငွေများ လှူဒါန်းခဲ့

0
384

ဆိုင်ကလုန်းမုန်တိုင်း မိုခါ သဘာဝဘေးအန္တရာယ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် စေတနာရှင်များက အလှူငွေများ လှူဒါန်းခဲ့ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါသဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာသံရုံး၊ တိုကျိုမြို့ရှိ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ နာဂိုယာမြို့နှင့် ကိုဘေးမြို့များရှိ မြန်မာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ဂျပန်စီးပွားရေးကုမ္ပဏီများ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားစေတနာရှင်များ၊ ဂျပန်နိုင်ငံသားစေတနာရှင်များ၊ ဂျပန်နိုင်ငံရှိတက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြသော အစိုးရပညာတော်သင်များမှ စုပေါင်းလှူဒါန်းငွေ ယန်း ၂,၁၃၈,၅၀၀ (ယန်း နှစ်သန်းတစ်သိန်း သုံးသောင်းရှစ်ထောင့်ငါးရာ) အား အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စေတနာရှင်များ၏ ထပ်မံထည့်ဝင်လှူဒါန်းငွေများ ရရှိလာပါကလည်း ဆက်လက်ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (Mocha) သည် မြန်မာနိုင်ငံအတွင်းသို့ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သဖြင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် သတ်မှတ်ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here