အာဆီယံ-တရုတ်လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါမှုကိုထပ်လောင်းအတည်ပြု

0
141

တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် အ ကောင်အထည်ဖော်ရေးနှင့်ပတ်သက်သည့် (၃၉) ကြိမ်မြောက် အာဆီယံ-တရုတ်လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင်အဖွဲ့ဝင်များ ထပ်လောင်းအတူပြုခဲ့ကြခြင်းဖြစ်သည်။

အစည်းအဝေးအား ဗီယက်နမ်နိုင်ငံ၊ဟလောင်မြို့တွင် မေ ၁၈ ရက်မှ ၂၀ ရက်အထိကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာ၊အာဆီယံရေးရာဦးစီးဌာန၊ဒု-ညွှန်ကြားရေးမှူးချုပ်ဦးမန်ဟောက်ထန်က တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊နယ်နိမိတ်နှင့်သမုဒ္ဒရာရေးရာဌာနကိုယ်စားလှယ် Mr. Tan Qingsheng နှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက်(DOC)အကောင်အထည်ဖော်မှု၏ တိုးတက်မှုများကို ပြန်လည်သုံးသပ်ပြီး တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်တိုးတက်မှုများကိုဆွေးနွေးခဲ့ကြသည်။

ထို့နောက် အဖွဲ့ဝင်နိုင်ငံများကြား ယုံကြည်မှုတိုးတက်စေရန် လက်တွေ့ကျသည့်ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါမှုကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး ၂၀၂၃ ခုနှစ်အတွက် DOC အကောင်အထည် ဖော်ရေးဆိုင်ရာ နှစ်အလိုက် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုကို အထောက်အကူပြုစေသည့် လုပ်ငန်းစဉ်အသစ်များကို ကြိုဆိုခဲ့ကြသည်။

ထို့ပြင် တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ထုံးအားညှိနှိုင်းခြင်းတွင် သမိုင်းမှတ်တိုင်အဖြစ် စိုက်ထူစေနိုင်သည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး၏ တစ်ခုတည်းသော ညှိနှိုင်းစာသားအား ဒုတိယအကြိမ်ဆွေးနွေးခဲ့ပြီး ထိရောက်၍ အနှစ်သာရပြည့်ဝသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ထုံးတစ်ရပ် ဆောလျင်စွာအပြီးသတ်ရန် အရှိန်မြှင့်တင်ခြင်းဆိုင်ရာလမ်းညွှန်စာတမ်းကိုအပြီးသတ်ဆွေးနွေးခဲ့ကြသည်။

ထို့အတူ DOC အကောင်အထည်ဖော်ရေးဆိုင်ရာ (၄၀)ကြိမ်မြောက် အာဆီယံ-တရုတ်လုပ်ငန်းအဖွဲ့ အစည်းအဝေးအား ဩဂုတ် ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပရန်သဘောတူညီခဲ့ကြသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်တရုတ်နိုင်ငံမှကိုယ်စားလှယ်များ၊အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here