စစ်တွေမြို့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ကူညီရန် မီးသတ်တပ်ဖွဲ့ဝင် ၁၃၁ ဦး ယနေ့ ထပ်မံရောက်ရှိလာ

0
266

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် စစ်တွေမြို့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ကူညီရန် မီးသတ်တပ်ဖွဲ့ဝင် ၁၃၁ ဦးသည် မေ ၂၁ ရက်(ယနေ့)နေလည် ၁ နာရီကျော်က ထပ်မံရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့မှ ဒု-ညွှန်ကြားရေးမှူး ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင် ၄၆ ဦး၊နေပြည်တော်မှ မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး(စုစုပေါင်း ၈၁ ဦး)တို့သည် နေပြည်တော်ရှိ အေလာလေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦး၊မွန်ပြည်နယ်မှ မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး(စုစုပေါင်း ၅၀ ဦး)သည် ရန်ကုန်လေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့အသီးသီးရောက်ရှိခဲ့သည်။

စစ်တွေမြို့သို့သွားရောက်မည့် မီးသတ်တပ်ဖွဲ့ဝင်များအား အေလာလေဆိပ်နှင့်ရန်ကုန်လေဆိပ်တို့တွင် မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် မေ ၁၇ ရက်ကလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှကွပ်ကဲမှုနှင့်အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၂၀ ဦး၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့မှ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၆ ဦးစီပါဝင်သည့် ကူညီကယ်ဆယ်ရေးတပ်ခွဲ(၃)ခွဲနှင့်ပရဟိတအသင်းများမှ ၅၀ ဦး(စုစုပေါင်း ၄၁၈ ဦး)အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများ၊အရေးပေါ်ဆေးဝါးများနှင့်စားရေရိက္ခာများဖြင့် စေလွှတ်ခဲ့ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here