လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲရန် ကုလ အကြီးအကဲနှင့် မိုဒီတို့ တောင်းဆိုလာ

0
237

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်နှင့် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရား မိုဒီတို့သည် ယနေ့ခေတ် ကမ္ဘာ၏ အခြေအနေနှင့် ကိုက်ညီမှုမရှိသော ကုလလုံခြုံရေး ကောင်စီကို ပြန်၍ ပြောင်းလဲ ပုံသွင်းသွားရန် မေ ၂၁ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သော G7 အစည်းအဝေးပွဲ၌ တောင်းဆိုခဲ့သည်။

ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဂူတာရက်စ်က ကုလ လုံခြုံရေးကောင်စီနှင့် ဘရစ်တန် ဝုဒ်စ် စနစ်တို့သည် ၁၉၄၅ ခုနှစ်ကာလ က အင်အားကြီးနိုင်ငံများ၏ ဆက်ဆံရေးအပေါ် အခြေခံ၍ ဖန်တီးထားသဖြင့် ခေတ်နောက်ကျနေပြီး ယနေ့ခေတ်ကမ္ဘာ၏ အခြေအနေများနှင့်လည်း ကိုက်ညီမှု ရှိမနေသောကြောင့် ပြုပြင်ပြောင်းလဲရန် အချိန်သင့်ပြီဟု ပြောကြားခဲ့သည်။

ဘရစ်တန် ဝုဒ်စ် စနစ်သည် ဒေါ်လာနှင့် ယှဉ်၍ ပုံသေ နိုင်ငံတကာ ငွေကြေးလဲလှယ်နှုန်းများကို ဖန်တီးရန်အတွက် လိုအပ်သော ကန့်သတ်ချက်များအား ပံ့ပိုးပေးသည့် စည်းမျဉ်းများနှင့် မူဝါဒများဖြစ်ပြီး ၎င်းတို့ကို ၁၉၄၄ ခုနှစ်တွင် နိုင်ငံပေါင်း ၄၄ ခုမှ ကိုယ်စားလှယ် ၇၀၃ ဦးက ဆွေးနွေးညှိနှိုင်းကာ ဖန်တီးခဲ့ခြင်းဖြစ်သည်။

မိုဒီကလည်း G7 အစည်းအဝေးအတွင်း မိန့်ခွင်းပြောကြားရာ၌ ကုလနှင့် လုံခြုံရေးကောင်စီ တို့သည် ယနေ့ခေတ်ကမ္ဘာ၏ အခြေအနေများနှင့် ကိုက်ညီမနေပါက ပဋိပက္ခများနှင့် အရေးအခင်းများကို လက်တွေ့ မဖြေရှင်းပေးနိုင်ဘဲ စကားပြော ငြင်းခုန်နေကြသည့် အဖွဲ့အစည်းများ အနေဖြင့်သာ ကျန်ရစ်လိမ့်မည် ဟုဆိုကာ ပြုပြင် ပြောင်းလဲ ဖွဲ့စည်းသွားရန် တောင်းဆိုခဲ့သည်။

ထို့ပြင် မိုဒီက “ဒါဟာ ခွဲခြမ်းစိတ်ဖြာ ကြည့်ရမယ့် ကိစ္စရပ်ပါ။ ဘာလို့ အစည်းအဝေးနဲ့ ဖိုရမ်အမျိုးမျိုးမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကိစ္စတွေ ဆွေးနွေးနေရမှာလဲ။ ငြိမ်းချမ်းရေး ထိန်းသိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တဲ့ ကုလ ကရော ဘာလို့ ဒီကနေ့ဖြစ်ပျက်နေတဲ့ အရေးအခင်းတွေ၊ ပဋိပက္ခတွေကို အောင်အောင်မြင်မြင်နဲ့ မတားဆီးနိုင်ရတာလဲ” ဟူ၍ မေးခွန်းထုတ်ခဲ့သည်။

အိန္ဒိယသည် လက်ရှိတွင် ကုလ၏ လုံခြုံရေးကောင်စီ၌ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာရန် ကြိုးပမ်းနေပြီး အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲမှုများသာ ရှိလာပါက ၎င်းအတွက် အခွင့်အရေးရလာမည် ဖြစ်သည်။

Source: ဝီယွန်


LEAVE A REPLY

Please enter your comment!
Please enter your name here