အာရှကြက်တောင်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ လက်ရွေးစင်များကို သင်တန်းပေးမည်

0
147

အာရှကြက်တောင်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းကာ မြန်မာနိုင်ငံမှ ကြက်တောင်အားကစား လက်ရွေးစင်များကို သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Badminton Coaching Course Level – 1 အား လာမည့် ဇူလိုင်လ (၃) ရက်မှ (၁၄) ရက်အထိ လမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင် အားကစားခန်းမတွင် သင်တန်းကြေးအခမဲ့ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အသက် (၂၃) နှစ်မှ (၄၀) ကြားရှိရမည်ဖြစ်ပြီး အနည်းဆုံးအခြေခံပညာ အထက်တန်းအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လက်ရွေးစင်ဖြစ်ခဲ့ဖူးသူ၊ အင်္ဂလိပ်ဘာသာ ရေးသားပြောဆိုနိုင်သူဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

သင်တန်းအား ဖိလစ်ပိုင်နိုင်ငံသား Mr.Ian Gil PIECENA VES (Development Executive, Badminton Asia) နှင့် အာရှကြက်တောင်အဖွဲ့ချုပ်မှ ခန့်အပ်မည့် သင်တန်းဆရာတစ်ဦးတို့က သင်ကြားပေးမည်ဖြစ်သည်ဟုလည်း သိရသည်။

တက်ရောက်လိုသူများအနေဖြင့် ဇွန်လ (၁၆) ရက် နောက်ဆုံးထား စာရင်းသွင်းရမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းမှ အမျိုးသား၊ အမျိုးသမီးလက်ရွေးစင်(၁၅) ဦးနှင့် ကြက်တောင်အဖွဲ့ချုပ်မှ ရွေးချယ်မည့် (၅) ဦး စုစုပေါင်း (၂၀) ‌ဦးကို သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here