တိုက်ကြီးမြို့ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်အတွင်း အလှမွေးငါးများ အစုလိုက် အပြုံလိုက်သေဆုံး ၊အဆိပ်ခပ်ခံရသည်ဟု ယူဆကြ

0
346

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ရှိ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်အတွင်း အလှမွေးထားသည့် ရွှေငါး အကောင်ရေ ၅၀၀၀ ကျော် သေဆုံးခဲ့မှု ယနေ့ မေ (၂၂) ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း နိဗ္ဗာန်ချမ်းသာ မင်္ဂလာနာရေး ကူညီမှုအသင်းမှ သိရသည်။

ယနေ့နံနက်ပိုင်းက နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်အတွင်း အလှမွေးထားသည့် ရွှေငါးအချို့သေဆုံးကာ ရေပေါ်ပေါ်နေသဖြင့် လူမှုကူညီရေးအသင်းဝင်အချို့မှ ကန်အတွင်းဆင်း၍ ဆယ်ယူကာ ရေငုတ်ပြီး စစ်ဆေးမှုများပြုလုပ်ရာမှ ရေအောက်ကြမ်းပြင်တွင် သေဆုံးနေသည့် ငါးများကို ထပ်မံတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

“မနက်က ကန်ထဲမှာ ငါးတွေသေပြီး ပေါ်နေတာတွေ့လို့ ဆယ်ရင်းနဲ့ ရေငုတ်ပြီးစစ်ကြည့်တာ၊ ရေအောက်ကြမ်းပြင်မှာ သေနေတဲ့ ငါးတွေ အများကြီး ထပ်တွေ့ရတာ။ သေနေတဲ့ ကောင်ရေ ၅၀၀၀ ကျော်တယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးနေသည့် အလှမွေးငါးများအား ဆယ်ယူကာ ကားများဖြင့် သယ်ဆောင်ပြီး သုဿန်တွင် မြေမြုပ်ပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ အလှမွေးငါး အမြောက်အများ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဒေသခံများနှင့် လူမှုကွန်ရက်အသုံးပြုသူအချို့က အဆိပ်ခပ်ခံရသည်ဟု ခန့်မှန်း ပြောဆိုနေကြသော်လည်း တိကျခိုင်မာသည့် အတည်ပြုချက်မျိုး အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

“အဆိပ်ခတ် ခံရတယ်လို့ထင်တယ်။ ပုံမှန်အတိုင်းသေတဲ့ငါးဆိုရင် ယင်ကောင်တွေ အုံနေမယ်။ အခု ဒီငါးတွေသေတယ် ၊ ယင်ကောင်တွေ မအုံဘူး။ သေတဲ့ငါးတွေ အကုန်လုံးကို မြေမြုပ်ပြီးသွားပြီ။ အသက်ရှင်သေးတဲ့ ကျန်တဲ့ငါးတွေကိုလည်း ဆယ်ပြီး လိုအပ်တာတွေ လုပ်ရအုံးမယ်။ စိတ်မကောင်းဖြစ်ရတာပေါ့ဗျာ။ နှစ်တွေအကြာကြီးမွေးထားရတာ”ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိတွင် ငါးကန်အတွင်း အဆိပ်ခပ်ခဲ့သဖြင့် ငါးများသေဆုံးခြင်း ဖြစ်နိုင်သည်ဟု ယူဆကာ အဆိပ်ခတ်သွားသူများအား ဖော်ထုတ်သိရှိနိုင်ရန် စုံစမ်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here