အကျယ်အဝန်း ၃၄၀၀ စတုရန်းမီတာရှိသည့် ဘုရင့်နောင်၏ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအား ရှေးမူအတိုင်းပြုပြင်ထိန်းသိမ်းမည်

0
290

မေ ၂၂ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌနှင့်ဇနီးတို့ကပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီများအား ဖူးမြှော်ကြည်ညို၍ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအား ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများကိုအမြန်ဆုံးဆောင်ရွက်ရာတွင် သမိုင်းမှတ်တမ်းမှတ်ရာများ၊မြေနန်းပြသာဒ်မှတူးဖော်ရရှိသည့် ရှေးလက်ရာများအတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းရမည်ဟု မှာကြားခဲ့သည်။

ထို့ပြင် ဘုရင့်နောင်မင်းတရားကြီး စီးနင်းအသုံးပြုခဲ့သည့် ရထားတော်ကြီးကိုလည်း မူလအရွယ်အစားအတိုင်း ရှေးမူမပျက်ပြန်လည်တည်ဆောက်ပြသထားရေး၊ ဟံသာဝတီမြို့တော်ဟောင်းနေရာအားပြန်လည် ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးတို့အတွက် မှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ကမ္ဘောဇသာဒီရွှေနန်းတော်အတွင်း ယခင်မြေနန်းပြသာဒ်ဆောင်နေရာမှတူးဖော်ရရှိသည့် ကျွန်းတိုင်များပြသထားမှု၊နန်းတော်အား ပြန်လည်ပြုပြင်ထိမ်းသိမ်းလျက်ရှိမှု၊နန်းတော်ပြတိုက်အတွင်း ရှေးဘုရင်များအသုံး ပြုခဲ့သည့် အသုံး အဆောင်ပစ္စည်းများပြသထားရှိမှုတို့ကို ကြည့်ရှုခဲ့သည်။

ထို့ပြင် ဟံသာဝတီရှေးဟောင်း သုတေသနပြ တိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေး ဟောင်းဗုဒ္ဓရုပ်ပွားတော်များ၊ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများ၊ဘမရာသနပလ္လင်တော်ဆောင်အတွင်း ခင်းကျင်းထားရှိမှုများကိုလည်းကြည့်ရှုခဲ့ကြသည်။

ဘုရင့်နောင်မင်းတရားကြီးက မြန်မာသက္ကရာဇ် ၉၁၅(အေဒီ ၁၅၅၃ )ခုနှစ်တွင် ဟံသာဝတီဒေသ၌ အကျယ် အဝန်း ၃၄၀၀ စတုရန်းမီတာရှိကာ မြို့ရိုးပတ်လည် တစ်ဖက်တစ်ချက်စီတွင် မြို့တံခါး ၅ ပေါက်ပါရှိပြီး(စုစုပေါင်း မြို့တံခါး၂၀ ပေါက်) ဖြင့်တည်ဆောက်ထားသည့် ကြီးကျယ်ခမ်းနားသည့်နန်းတော်သစ်တစ်ခုကိုတည်ဆောက်ကာ
“ကမ္ဘောဇသာဒီ”ဟု ခေါ်တွင်စေခဲ့သည်။

ဘုရင့်နောင်မင်းတရားကြီး သက်တော်(၆၆)နှစ်နတ်ရွာစံပြီးချိန်၌ သားတော် နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီမြို့ပျက်စီးကာ ကမ္ဘောဇသာဒီ နန်းတော်ကြီးမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နှစ်ပေါင်း ၄၀၀ ကျော်ခန့်တိမ်မြုပ်ပျောက်ကွယ်ခဲ့ရာမှ ရှေး ဟောင်းသုတေသနဦးစီးဌာနက ၁၉၉၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ ၁၉၉၇ ခုနှစ်အထိသုတေသနပြု တူးဖော်ခြင်းများပြုလုပ်ခဲ့ရာ မြေနန်းပြသာဒ်ဆောင်နေရာအား ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင်စတင် သုတေသနပြုတူးဖော်ခဲ့ရာ မြေနန်းပြဿဒ်ဆောင်၊စနုဆောင်၊လက်ဝဲဝင်းဆောင်နှင့် လက်ယာဝင်းဆောင်တို့၏ အုတ်ခုံပန္နက်များကို တွေ့ရှိခဲ့ရသည်။

ယင်း နေရာများမှ ကျွန်းတိုင်လုံးအကြွင်းအကျန်များကိုတွေ့ရှိခဲ့ရပြီး အချို့ကျွန်းတိုင်များတွင် ပေးပို့ဆက်သသူများ၏ အမည်များကိုရေးထိုးထားကာ ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြဿဒ်ဆောင်၊လက်ဝဲဝင်းဆောင်၊လက်ယာဝင်းဆောင်နှင့်စနုဆောင်တို့ကို တူးဖော်တွေ့ရှိရသည့် ပန္နက်ပုံ၊မှတ်တမ်းအထောက်အထားများနှင့်ညှိနှိုင်း၍ ပုံစံတူပြန်လည်တည်ဆောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here