ညောင်နှစ်ပင် စိုက်/မွေးဇုန်အတွင်း လုပ်ကိုင်ခွင့်ရသူများကို ပြန်လည်စိစစ်မည်ဟု အသိပေးထုတ်ပြန်

0
547

ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသူများအနေဖြင့် မူလခွင့်ပြုမိန့် စာရွက်စာတမ်းနှင့်အတူ အထူးဇုန်လုပ်ငန်းကော်မတီထံ ဇွန်လ (၂၃) ရက် နောက်ဆုံးထားပြီး စစ်ဆေးမှုခံယူရန် အသိပေးထုတ်ပြန်ထားသည်။

မူလလုပ်ကိုင်ခွင့် ရထားသူများအနေဖြင့် အခြားသူတစ်ဦးဦးထံ လက်လွှဲရောင်းချထားပါကလည်း ရောင်းချထာသည့် စာရွက်စာတမ်း၊ အထောက်အထားများကို တပါတည်း ယူဆောင်တင်ပြရမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

နအဖ အစိုးရ တာဝန်ယူသည့် ၁၉၉၉ ခုနှစ်တွင် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လိုသူ စုစုပေါင်း (၁၁၉၁) ဦးအား လုပ်ကိုင်ခွင့်ပြုခဲ့ရာ တစ်ဦးချင်းကို အထူးဇုန်ကြီးကြပ်ရေး ဗဟိုကော်မတီမှ လုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်စာများ ထုတ်ပေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သိုရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် မြေပြင်တွင် အပြည့်အဝ အကောင်အထည်ဖော် စိုက်ပျိုးမွေးမြူခြင်း မရှိသေးသည့်အတွက် ဇုန်အနီးကပ် ကြီးကြပ်ရေးကော်မတီများမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်နေသူများတွင် အချို့သည် မူလလုပ်ကိုင်ခွင့်ပြုထားသူများ ဖြစ်သော်လည်း အချို့သည် ယခင်လုပ်ကိုင်ခွင့်ရရှိထားသူများထံမှ ဝယ်ယူ/လက်လွှဲရယူထားသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ဇုန်ကြီးကြပ်ရေးကော်မတီအနေဖြင့် မြေပြင်တွင် အမှန်တကယ်စိုက်ပျိုးနေသူများကိုသာ လုပ်ကိုင်ခွင့်လက်မှတ်များ ထုတ်ပေးဆောင်ရွက်မည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လာရောက်ဆက်သွယ်ခြင်း၊ အထောက်အထား စာရွက်စာတမ်းဖြင့် တင်ပြစစ်ဆေးမှုခံယူခြင်းမပြုပါက လုပ်ကိုင်ခွင့်များအား ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here