ကိုယ့်ကိုယ်ကို နာမည်ကျော် ဒီဇိုင်းနာ ဂု့ချီ ပြန်ဝင်စားသူလို့ ခံယူထားတဲ့ အသက် ၇ နှစ်အရွယ် ဖက်ရှင် ဒီဇိုင်နာလေး

0
160

အမေရိကန်နိုင်ငံက အသက် ၇ နှစ်အရွယ် ကောင်လေးဟာ သူ့ကိုယ်သူ ဂု့ချီ (Gucci) အမှတ်တံဆိပ်ကို တည်ထောင်ခဲ့တဲ့ နာမည်ကျော် အီတလီ ဒီဇိုင်နာ ဂု့ချီယို ဂု့ချီ (Guccio Gucci) ပြန်ဝင်စားတာ ဆိုပြီး ပြောလာပါတယ်။

သူ့နာမည်ကတော့ မက်စ် အလက်ဇန်းဒါး ဖြစ်ပြီး ပါရမီပါတဲ့ ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အသက် ၄ နှစ်လောက်ကတည်းက အဝတ်အစားတွေ စတင် ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

မက်စ် တစ်ယောက် အမျိုးသမီး ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး စိတ်ထက်သန် ပြင်းပြတာကို ဖွင့်ပြောလာတဲ့အချိန်ကတော့ ၂၀၂၁ ခုနှစ်လောက်က ဖြစ်တယ်လို့ သူ့အမေ မက်ဒီဇင်က ပြောလာပါတယ်။ အဲဒီနေ့က မက်စ်ဟာ မိသားစု ညနေစာထမင်းဝိုင်းမှာ သူ့ရဲ့ ဖက်ရှင်လက်ရာတွေကို ခင်းကျင်းပြသဖို့အတွက် လူပုံစံ အရုပ်တစ်ရုပ် လိုတယ်ဆိုပြီး ရုတ်တရတ် ထတောင်းလာပါတယ်။ မက်ဒီဇင်က မယုံကြည်ပေမယ့် မက်စ် တောင်းဆိုတဲ့အတိုင်း ဝယ်ပေးခဲ့တယ်။

“အဲဒီအရုပ် ရပြီးတဲ့နောက် မယုံကြည်နိုင်လောက်အောင် တကယ်ပဲ ဝတ်စုံတွေ စချုပ်ပြလာတာ။ အဲဒါနဲ့ ကျွန်မလည်း ယောက်ျားဆီ ပြေးသွားပြီး ‘ယောက်ျားရေ ရုံးခန်းထဲက‌ ထွက်လာပြီး မက်စ် လုပ်နေတာကို လာကြည့်ပါဦး။ ရူးလောက်ချင်စရာပဲ‘ ” ဆိုပြီး မက်ဒီဇင်က ပီးပဲလ် မဂ္ဂဇင်းကို ပြောလာပါတယ်။

ဒီထက် အံ့ဩဖို့ကောင်းတာက မက်စ်ဟာ အဲဒီလို လက်စွမ်း ထမပြခင်အထိ အမျိုးသမီး ဖက်ရှင်နဲ့ ပတ်သက်ပြီး တစ်ခါမှ ထိတွေ့ဖူးတာမျိုး မရှိခဲ့ပါဘူး။ သူဟာ အပ်ချုပ်တာ၊ အထည်ရွေးတာတွေကအစ သူ့ဘာသာသူ လေ့လာခဲ့တာပါ။ သူရဲ့ မိဘတွေကတော့ မက်စ်မှာ အဘိုးအဘွားတွေရဲ့ သွေးတွေ ပါလာတယ်လို့ ယုံကြည်နေပါတယ်။ ဘာလို့လဲဆိုတော့ မက်စ်ရဲ့ အဖိုးအဖွားတွေဟာ မွန်တရီရယ်မြို့မှာ ဖက်ရှင်လုပ်ငန်း လုပ်ကိုင်နေတာကြောင့်ပါ။

မက်ဒီဇင်ဟာ အစကတော့ မက်စ်ရဲ့ ဖက်ရှင်အပေါ် စိတ်ဝင်စားမှုဟာ ခဏတာ စိတ်ကစားတာလို့ ထင်ခဲ့ပေမယ့် သုံးနှစ်ဆက်တိုက် ဇွဲရှိရှိ ဝတ်စုံတွေကို ဖန်တီးနေတာကို ကြည့်ပြီး အံ့အားသင့်ခဲ့ရတယ်လို့ ပြောလာပါတယ်။

မက်စ်ကတော့ သူဒီလိုမျိုး ဖက်ရှင်ပညာမှာ ထူးချွန်နေတာဟာ ဂု့ချော် ဂု့ချီ ပြန်ဝင်စားတဲ့အတွက် ဖြစ်တယ်လို့ ပီပဲလ် မဂ္ဂဇင်းကို ပြောထားတယ်။ လက်ရှိအချိန်မှာတော့ မက်စ်ရဲ့ ချုပ်သမျှ ဝတ်စုံတွေဟာ ကမ္ဘာ့အနှံ့မှာ ရောင်းထွက်နေပြီး ရုပ်ရှင်မင်းသမီး တစ်ယောက်အတွက်တောင် ဂျက်ကတ်အင်္ကျီ ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here