အမေရိကသို့ ဒေတာများ လွှဲပြောင်းပေးမှုကြောင့် ဒေါ်လာ ၁ ဘီလျံကျော် ဒဏ်ရိုက်ခံရသည့် ဖေ့ဘွတ်ခ်၏ မိခင်ကုမ္ပဏီ မက်တာ 

0
327

မက်တာ (Meta) သည် ဥရောပရှိ ဖေ့ဘွတ်ခ် ၏ အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အမေရိကရှိ ဆာဗာများသို့ လွှဲပြောင်းပေးခြင်းဖြင့် ဥရောပသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သောကြောင့် မေလ ၂၂ ရက် တနင်္လာနေ့တွင် ဥရောပသမဂ္ဂ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့၏ စံချိန်တင် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ဒဏ်ရိုက်ခြင်းကို ခံခဲ့ရသည်။

အဆိုပါ ဒဏ်ရိုက်မှုမှာ ဖေ့ဘွတ်ခ်ကို အိုင်ယာလန် ဒေတာကာကွယ်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဥရောပ ဒေတာကာကွယ်ရေး ဘုတ်အဖွဲ့က ပြောကြားထားသည်။

အမေရိကန်၌ လုပ်ဆောင်နေသော ကိုယ်ရေးကိုယ်တာ အချက်အလက်များ စီမံဆောင်ရွက်ခြင်းနှင့် သိမ်းဆည်းခြင်းသည် ဥရောပ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ထိန်းသိမ်းရေး ဥပဒေကို ဆန့်ကျင်နေသည်ဟု ဥရောပသမဂ္ဂ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ဆိုသည်။

ယင်း ဒဏ်ရိုက်မှုသည် ဥရောပ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ထိန်းသိမ်းရေး ဥပဒေကို ငြိစွန်းမှုဖြင့် ဒဏ်ရိုက်ခံရသမျှထဲတွင် ပမာဏအများဆုံး ဖြစ်လာခဲ့သည်။ ယခင်က စံချိန်မှာ ဒေါ်လာ ၈၀၅ ဒသမ ၇ သန်းဖြစ်ပြီး အမေဇုန် ကုမ္ပဏီကို ဒဏ်ရိုက်ထားခြင်း ဖြစ်သည်။

ထို့ပြင် မက်တာအား အမေရိကရှိ ဥရောပအသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စီမံဆောင်ရွက်နေခြင်းအား ခြောက်လအတွင်း ရပ်ဆိုင်းရန် အမိန့်ထုတ်ထားသည်။

မက်တာဘက်ကမူ အဆိုပါ ဆုံးဖြတ်ချက်နှင့် ဒဏ်ကြေးငွေနှင့် ပတ်သက်၍ အယူခံဝင်သွားမည်ဟု ပြောကြားထားသည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here