အခွန်ထမ်း မှတ်ပုံတင်ခြင်း လုပ်ငန်းအားလုံးကို မေ (၂၃) ရက်မှစ၍ အီလက်ထရောနစ် စနစ်ဖြင့်သာ လက်ခံမည်

0
318

ယနေ့ မေ (၂၃) မှ စတင်ပြီး အခွန်ထမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းအားလုံးကို အီလက်ထရောနစ် စနစ်ဖြင့်သာ တပြေးညီလက်ခံကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အသိပေးကြေညာထားသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများအား ပိုမိုထိရောက်ကောင်းမွန်သော အီလက်ထရောနစ် ဝန်ဆောင်မှုစနစ်များပေးနိုင်ရန် အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် လွယ်ကူလျင်မြန်စေရန်ရည်ရွယ်လျက်ရှိပြီး အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ် (e-Registration Management System) ကို အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အွန်လိုင်းမှတစ်ဆင့်ဆောင်ရွက်နိုင်မည့် အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ် (e-Registration Management System) ကို https://eregistration.ird.gov.m m/ မှ တဆင့် စနစ်အသုံးပြုခွင့်အတွက် ဦးစွာ Account Register ပြုလုပ်၍ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ် (e-Registration Management System) ကို အသုံးပြုခြင်းအားဖြင့် သက်ဆိုင်ရာအခွန်ရုံးများသို့လူကိုယ်တိုင် သွားရောက်ရန်မလိုအပ်ဘဲ အင်တာနက်ချိတ်ဆက်ရရှိသည့် မည်သည့်နေရာတွင်မဆို စနစ်မှတစ်ဆင့် အခွန်ထမ်း မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်သည့်အတွက် အချိန်နှင့်ကုန်ကျစရိတ် သက်သာနိုင်ခြင်း၊ အခွန်ရုံးများနှင့် တိုက်ရိုက်ထိတွေ့မှုကို လျှော့ချနိုင်ခြင်းနှင့် ဆောင်ရွက်လိုသည့်လုပ်ငန်းများကို လျင်မြန်စွာဆာင်ရွ က်နိုင်ကြောင်း သိရသည်။

ယင်းကြောင့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများနှင့် တစ်ဦးချင်း ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ပုံစံနှင့် စာရွက်စာတမ်းများကို သက်ဆိုင်ရာ ဌာနခွဲ/အခွန်ရုံးများသို့ လူကိုယ်တိုင်/စာတိုက်/အီးမေးလ်တို့မှ တဆင့် ပေးပို့၍ အခွန်ထမ်းမှတ်ပုံတင် လျှောက်ထားဆောင်ရွက်နေမှုအစား ၂၀၂၃ နှစ်၊ မေလ (၂၃) ရက်နေ့မှစတင်၍ အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင် စနစ် (e-Registration Management System) ဖြင့်သာ ပြောင်းလဲဆောင်ရွက်ပေးရန် မေတ္တာ ရပ်ခံထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here