JFA အကယ်ဒမီ ဖူကူရှီးမား ယူ-၁၄ အသင်းနှင့်ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးယူ-၂၀ အသင်း လေ့ကျင့်ရေး ခြေစမ်းပွဲ ကစားခဲ့

0
334

အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ပြင်ဆင်သည့်အနေဖြင့် ဂျပန်နိုင်ငံတွင် လေ့ကျင့်နေသည့် ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးယူ-၂၀ အသင်းသည် JFA အကယ်ဒမီ ဖူကူရှီးမား အမျိုးသား ယူ-၁၄ အသင်းနှင့် ယနေ့ (မေ ၂၃) ညနေပိုင်းက လေ့ကျင့်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ခြေစမ်းပွဲကို မိနစ် ၃၀ သုံးပိုင်းခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး JFA အကယ်ဒမီ ဖူကူရှီးမား ယူ-၁၄ အသင်းက ပွဲချိန် ပထမပိုင်းတွင် ၃-၀ ဂိုး၊ ပွဲချိန် ဒုတိယပိုင်းတွင် ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပွဲချိန် တတိယပိုင်းတွင် ဂိုးမရှိ သရေကျခဲ့သည်။

JFA အကယ်ဒမီ ဖူကူရှီးမား ယူ-၁၄ အသင်းသည် အာရှအင်အားကြီး ဘောလုံးနိုင်ငံမှ အသင်းတစ်သင်း ဖြစ်သည်နှင့်အညီ အပေးအယူ အချိတ်အဆက် ကောင်းမွန်စွာဖြင့် ပဏာမ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းကို ယှဉ်ပြိုင် ကစားသွားခဲ့သည်။

ပဏာမ မြန်မာအမျိုးသမီး ယူ-၂၀ အသင်း အနေဖြင့်လည်း JFA အကယ်ဒမီ ဖူကူရှီးမား ယူ-၁၄ အသင်း၏ ပွဲချိန် ပထမပိုင်းမှ အားသာချက်များကို ကျန်ပွဲချိန်များတွင် တားဆီးဖြတ်တောက်ပြီး ပွဲချိန် ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ပေးဂိုးနည်းအောင် ကစားသွားနိုင်ခဲ့သည်။

JFA အကယ်ဒမီ ဖူကူရှီးမားသည် ဂျပန်နိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ စီမံခန့်ခွဲနေသည့် အကယ်ဒမီများအနက်မှ တစ်ခုဖြစ်ပြီး ကစားသမားများကို ဂျပန်နိုင်ငံ တဝှမ်းမှ ရွေးချယ်ထားခြင်းဖြစ်ကာ ဂျပန်အမျိုးသမီး လက်ရွေးစင်အသင်းသည် အင်အားတောင့်တင်းအောင် လေ့ကျင့်ပြင်ဆင်ချိန်တိုင်းတွင် JFA အကယ်ဒမီ ဖူကူရှီးမား ယူ-၁၄ အသင်းနှင့် ခြေစမ်းပွဲ မကြာခဏ ကစားလေ့ရှိကြောင်း မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းများ၏ နည်းစနစ် အကြံပေး Uki Tetsuro က ပြောသည်။

ပဏာမ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် AYA Bank ၏ ပံ့ပိုးကူညီမှုဖြင့် ဂျပန်နိုင်ငံ၊ ဖူကူရှီးမားမြို့ရှိ J Village National Training Centre တွင် မေ ၂၇ ထိ နေထိုင်လေ့ကျင့်မည်ဖြစ်သည်။

အာရှ အမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု (ခ)ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပမည်ဖြစ်ရာ မြန်မာနှင့်အတူ တရုတ်၊ တရုတ်(တိုင်ပေ)၊နီပေါ စသည့် အမျိုးသမီး ယူ၂၀ အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာယူ-၂၀ အမျိုးသမီးအသင်းသည် ဇွန်လ ၆ ရက်တွင် နီပေါအသင်း၊ ၈ ရက်တွင် တရုတ်(တိုင်ပေ) အသင်း၊ ၁၀ ရက်တွင် တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here