၈ နှစ်အရွယ်မှာ လူ ၃ ဦး သတ်ခဲ့တဲ့ အိန္ဒိယက ကမ္ဘာ့ အသက်အငယ်ဆုံး ကွင်းဆက် လူသတ်သမား

0
395

ကလေးတွေ လူသတ်မှု ကျူးလွန်တာဟာ အထူးဆန်းကြီးမဟုတ်ပေမယ့် လူအများကြီးသတ်ဖူးတဲ့ ကလေးအရွယ် ကွင်းဆက် လူသတ်သမားတွေကိုတော့ မြင်ရကြားရ ခဲပါတယ်။

အဲဒီလို ကလေးအရွယ် လူသတ်သမားတွေထဲကမှ အသက်အငယ်ဆုံး ကွင်းဆက် လူသတ်သမားဆိုတဲ့ နာမည်ဆိုးကို ရရှိထားသူကတော့ ၁၉၉၈ ခုနှစ်မှာ အိန္ဒိယနိုင်ငံ၊ ဘိဒ်ဟာ ပြည်နယ်က မူရှာဟာ ရွာလေးမှာ မွေးဖွားခဲ့တဲ့ အမာဂျိ့ ဆာဒါ ဆိုသူ ဖြစ်ပါတယ်။ သူဟာ ရှစ်နှစ်သားအရွယ်မှာပဲ မိသားစုဝင် အပါအဝင် လူသုံးဦးကို သတ်ဖြတ်ခဲ့တဲ့သူ ဖြစ်လာပါတယ်။ သူရဲ့ လူသတ်မှုတွေကိုတော့ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တွေ ကြားမှာ ကျူးလွန်ခဲ့တာပါ။

ဆာဒါရဲ့ နောက်ကြောင်းရာဇဝင်နဲ့ ပတ်သက်ပြီး များများစားစား မသိရပေမယ့် သေချာတာကတော့ သူဟာ ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာသူဖြစ်ပြီး အဖေဖြစ်သူကတော့ အလုပ်ကြမ်း လုပ်တဲ့ အလုပ်သမားဖြစ်ပါတယ်။

ဆာဒါဟာ သူ့ရဲ့ ပထမဆုံး လူသတ်မှုကို ၂၀၀၆ ခုနှစ်မှာ ကျူးလွန်ခဲ့တာ ဖြစ်ပြီး သတ်ခံရသူကတော့ ဦးလေးရဲ့ သမီးဖြစ်သူ ၆ နှစ်အရွယ် ကလေးမလေး ဖြစ်ပါတယ်။ ဒုတိယ သားကောင်ကတော့ မွေးပြီး ၈ လသာ ရှိသေးတဲ့ သူ့ရဲ့ ညီမအရင်း ဖြစ်ပြီး နောက်ဆုံးသားကောင်ကတော့ အိမ်နီးနားပတ်ဝန်းကျင်က ကု့ရှ်ဘူး လို့ခေါ်တဲ့ ၆ လသား အရွယ် ကလေးမလေး ဖြစ်ပါတယ်။

ဆာဒါဟာ ကု့ရှ်ဘူးကို အမေဖြစ်သူက မူကြိုကျောင်းမှာ တစ်ယောက်တည်း ထားခဲ့ပြီး အိမ်မှုကိစ္စ သွားလုပ်နေတဲ့အချိန် တိတ်တခိုး ခေါ်သွားပြီး သတ်ပစ်ခဲ့တာပါ။ ကု့ရှ်ဘူးရဲ့ အမေက ကလေးပျောက်လို့ တိုင်ချက်တွေဖွင့်ပြီး ရှာဖွေရေးတွေ စလုပ်တော့မှ ဆာဒါဟာ ရဲတွေဆီမှာ သူသတ်ကြောင်း သွားရောက်ဝန်ခံခဲ့တယ်။ ကု့ရှ်ဘူး ကို အုတ်ခဲနဲ့ ရိုက်ပြီး လည်ပင်းညှစ်သတ်ခဲ့တာလို့ ဝန်ခံခဲ့တဲ့အပြင် မြှုပ်ပစ်ဖို့ လုပ်ခဲ့တဲ့ နေရာကိုပါ ခေါ်သွားပြခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဆာဒါဟာ ရဲတွေရဲ့ ထိန်းသိမ်း မေးမြန်းတာ ခံခဲ့ရပြီး အရင်က လူသတ်မှုတွေကိုပါ ဝန်ခံခဲ့ပါတယ်။ ဆာဒါရဲ့ ဦးလေးပြောပုံအရ သူရဲ့ မိသားစုဝင်တွေဟာ ပထမ လူသတ်မှုနှစ်ခုရဲ့ တရားခံဟာ ဆာဒါ မှန်း သိထားပေမယ့် မိသားစုပြဿနာ ဖြစ်တဲ့အတွက် ရဲတွေဆီ မတိုင်ကြားခဲ့တာလို့ သိရပါတယ်။

အိန္ဒိယရဲ့ ဥပဒေအရ ကလေးတွေကို ထောင်ချတာမျိုး၊ တစ်သက်တစ်ကျွန်း ပေးတာမျိုး လုပ်မရတဲ့အတွက် ဆာဒါကို အသက် ၁၈ နှစ်အထိ မွန်ဂေမြို့ ကလေးများ စောင့်ရှောက်ရေးဂေဟာမှာ ထိန်းသိမ်းထားခဲ့ပါတယ်။ ဆာဒါဟာ ၂၀၁၆ ခုနှစ်လောက်မှာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပေမယ့် ဘယ်မှာ သွားရောက်နေထိုင်နေမှန်း မသိရတော့ပါဘူး။

Source: Mirror


LEAVE A REPLY

Please enter your comment!
Please enter your name here