တရုတ်ပြည်တွင် ကိုဗစ် ကပ်ရောဂါ လိုင်းအသစ် ရိုက်ခတ်၊တစ်ပတ်လျှင် ကူးစက်ခံရသူ ၆၅ သန်းအထိ မြင့်တက်လာနိုင်

0
335

တရုတ်နိုင်ငံသည် ဇွန်လကုန်ခါနီးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ လိုင်းအသစ်၏ ရိုက်ခတ်မှုဒဏ်ကို အမြင်ဆုံး ခံစားရမည်ဖြစ်ပြီး တစ်ပတ်လျှင် ကူးစက်ခံရသူ ၆၅ သန်း ရှိလာသည်အထိ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာနိုင်ကြောင်း ဝါရင့် ကျန်းမာရေးအကြံပေးကို ကိုးကား၍ ဘလွန်းဘတ် သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါသတင်းအရ တရုတ်အစိုးရသည် နောက်ဆုံးပေါ် အိုခရွန် မျိုးကွဲသစ်ကို တိုက်ဖျက်ရန်အတွက် ကာကွယ်ဆေးများကို အလောတကြီး ထုတ်လုပ် စုဆောင်းနေကြောင်း သိရသည်။

ကိုဗစ်မျိုးကွဲ XBB သည် ဧပြီလကုန်ခါနီးမှ စတင်၍ နိုင်ငံတစ်ဝန်း ပျံ့နှံ့မှုနှုန်း ပိုမိုအားကောင်းလာနေသဖြင့် မေလကုန်ရောက်လျှင် တစ်ပတ်ကို လူ သန်း ၄၀ နှုန်းဖြင့် ကူးစက်လာနိုင်ကြောင်း တရုတ်ပြည်တွင်း မီဒီယာဖြစ်သည့် The Paper သတင်းစာက မေလ ၂၁ ရက် တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ထို့နောက် တစ်လအကြာတွင် တစ်ပတ်လျှင် လူ ၆၅ သန်းနှုန်း ကူးစက်ခံရနိုင်သည့် အခြေအနေသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အဆိုပါ အချက်အလက်များမှာ ကွမ်းကျိုးမြို့၌ ကျင်းပခဲ့သည့် ဇီဝနည်းပညာဆိုင်ရာ ညီလာခံတစ်ခုအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအထူးကု ကျုံး နန်းရှန်မှ တင်ပြခဲ့သည်များကို ကိုးကား၍ ဖော်ပြထားခြင်းဖြစ်သည်။

ထို့ကြောင့် တရုတ်အာဏာပိုင်များသည် ကို‌ဗစ်မျိုးကွဲ XBB ကို အဓိကထားသော ကာကွယ်ဆေးအသစ်များ ထုတ်လုပ်ရန် ပြင်ဆင်လျက်ရှိသည်။ ထို့ပြင် နိုင်ငံ၏ ဆေးဝါးဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ကလည်း ကာကွယ်ဆေး နှစ်မျိုးကို အစောပိုင်းကတည်းက ထုတ်လုပ်ခွင့် ပေးထားပြီး နောက်ထပ် ကာကွယ်ဆေး သုံးလေးမျိုးလည်း မကြာမီ ခွင့်ပြချက်ပေးမည်ဖြစ်ကြောင်း ကျုံးကပြောထားသည်။

Source:WION


LEAVE A REPLY

Please enter your comment!
Please enter your name here