ကျောက်မဲမြို့တွင် ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား (၂) ဦးသေဆုံး

0
112

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ယနေ့ မေလ (၂၆) ရက် နံနက်ပိုင်းက ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား (၂) ဦး သေဆုံးသွားကြောင်း သိရသည်။

ကျောက်မဲမြို့၊ နမ့်ဟူးရွာဘုန်းကြီး‌ကျောင်းအကျော်၊ ပလောင်ရွာသစ်အနီးတွင် ယနေ့ နံနက် (၇) နာရီ (၁၅) မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးပြီး ၎င်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသားမှာ ဆေးရုံသို့ ပိုဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

” ဆိုင်ကယ်က အရှိန်များတယ်လို့လည်း သိရတယ်၊ ကုန်တင်တွဲကားနဲ့ တိုက်ပြီး မှောက်သွားတာ။ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာ ကျွန်တော်တို့က မမြင်ရတော့ မသိပါဘူး” ဟု နမ့်ခုံးရှမ်းများပရဟိတအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

သေဆုံးသူ အမျိုးသား နှစ်ဦးမှာ အသက် (၂၅) မှ (၃၀) အရွယ်၀န်းကျင်အရွယ်ရှိပြီး ကျောက်မဲပြည်သူ့ဆေးရုံအရေးပေါ်ဌာနသို့ သယ်ယူပို့ဆောင်ပေးခဲ့ကာ မိသားစုနှင့် အဆက်အသွယ်ရရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – နမ့်ခုံးရှမ်းများပရဟိတ


LEAVE A REPLY

Please enter your comment!
Please enter your name here