လေယာဉ်ပျံသန်းနေစဉ် တံခါးဖွင့်သည့် ခရီးသည်အား ဖမ်းဆီး

0
279

Asiana လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ယမန်နေ့ သောကြာနေ့တွင် တောင်ကိုးရီးယားနိုင်ငံပေါ်မှ ဖြတ်ကျော်ပျံသန်းနေစဉ် ခရီးသည်တစ်ဦးက လေယာဉ်၏ ပင်မတံခါးကို ဖွင့်သောကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၁၂ ဦးထက်မနည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာအတွက် ကုသမှုခံယူနေကြရကြောင်းသိရသည်။

“လေယာဉ် ပေါက်ကွဲတော့မယ်လို့ ထင်မိတာ။ တံခါးဖွင့်ထားတဲ့ဘေးနားက ခရီးသည်တွေ မူးလဲနေပုံရတယ်” ဟု ခရီးသည်တစ်ဦးက ပြောသည်။

လေယာဉ်သည် တောင်ပိုင်း Jeju ကျွန်းမှ Daegu မြို့သို့ တစ်နာရီခန့်ကြာပျံသန်းခဲ့ပြီး Daegu အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ရန် မိနစ်အနည်းငယ်အလိုတွင် ထိုသို့ဖြစ်ပွားခဲ့သော်လည်း လေယာဉ်သည် Daegu တွင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လေယာဉ်ပင်မတံခါးကို ဆွဲဖွင့်သူ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အဆိုပါအမျိုးသားသည် တံခါးဖွင့်ကြောင်း ဝန်ခံခဲ့သော်လည်း အဘယ်ကြောင့် ထိုသို့ပြုလုပ်ခဲ့သည်ကိုမူ ပြောကြားခြင်းမရှိဟု ရဲတပ်ဖွဲ့ကဆိုသည်။

ခရီးသည်တင်လေယာဉ်မှ တံခါးများ၊ ထွက်ပေါက်များကို အခွင့်မရှိပဲဖွင့်ခြင်း သို့မဟုတ် လေယာဉ်အတွင်းရှိ ပစ္စည်းကိရိယာများကို အခွင့်မရှိပဲကိုင်တွင်သုံးစွဲခြင်းများအပါအဝင် လေကြောင်းဆိုင်ရာ လုံခြုံရေးအက်ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူ မည်သူမဆိုကို တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း တောင်ကိုရီးယား မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။

Ref: Passenger arrested for opening plane door mid-flight over South Korea


LEAVE A REPLY

Please enter your comment!
Please enter your name here