နဝမမြောက် ဗန်းမော်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်ကို နိုင်ငံတော်အဆင့် ကျင်းပမည်

0
293

မေလ (၂၅) ရက် ညပိုင်းက ဘဝနတ္ထံ ပျံလွန်တော်မူခဲ့သည့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ နဝမမြောက် ဗန်းမော်ဆရာတော်ကြီး ဘဒ္ဒန္ဒကုမာရာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်ကို နိုင်ငံတော်အဆင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သက်တော် (၉၄) နှစ်၊ ဝါတော် (၇၄) ဝါရှိပြီဖြစ်သည့် ဗန်းမော်ဆရာတော်ဘုရားကြီးသည် ၂၀၁၀ ပြည့်နှစ်မှစတင်ကာ ပျံလွန်တော်မူသည့်အချိန်ထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ ဥက္ကဋ္ဌအဖြစ် (၁၃) နှစ်နီးပါး တာဝန်ယူခဲ့ကြောင်း သိရသည်။

ဗန်းမော်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက်ကြီးမားသည့်ဆုံးရှုံးမှုဖြစ်၍ များစွာကြေကွဲဝမ်းနည်းမိကြောင်း နစက ဥက္ကဋ္ဌက ယမန်နေ့တွင် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား သွားရောက်ဖူးမျှော်စဉ် ပြောကြားခဲ့သည်။

ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်ကို လာမည့် ဇွန်လ (၆) ရက်တွင် ချမ်းမြသာစည် လေယျာဥ်ကွင်းဟောင်း၌ ကျင်းပမည်ဖြစ်ပြီး အရိုးပြာအား ဧရာဝတီမြစ်အတွင်းသို့ မျှောမည်ဟုလည်း သိရသည်။

အန္တိမအဂ္ဂိဈာပန ပူဇာသဘင်မကျင်းပမီ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား လာရောက်ဖူးမြော်ကြည်ညိုကြမည့် ရဟန်း၊ ရှင်လူ၊ မိဘပြည်သူများ အဆင်ပြေစေရန်လည်း စနစ်တကျစီစဉ်သွားမည်ဟုလည်း နစက ဥက္ကဋ္ဌက သန်လျင်မင်းကျောင်ဆရာတော်ထံ လျှောက်ထားခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ သက်တော်(၉၄)နှစ်၊သိက္ခာတော် (၇၄)ဝါသည် မေလ (၂၅) ရက်ည (၁၁) နာရီ (၁၁) မိနစ်ကပျံလွန်တော်မူခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here