ဖုန်းရှာရန် ရေလှောင်ကန်မှ ရေများ ပြောင်တလင်းခါအောင် သွန်ထုတ်ခိုင်းခဲ့သော အိန္ဒိယအရာရှိ တာဝန်မှ ယာယီ ရပ်ဆိုင်းခံရ

0
262

အိန္ဒိယနိုင်ငံ ချာတက်ဆူဂါ ပြည်နယ်မှ စားနပ်ရိက္ခာအရာရှိ ရာဂျက်ရှ် ဗစ်ရှ်ဝါစ် သည် ဆယ်လ်ဖီဆွဲရင်း ရေထဲပြုတ်ကျသွားသော သူ၏ ဖုန်းကို ပြန်လည်ဆယ်ယူရန်အတွက် ရေလှောင်ကန်မှ ရေများအား သွန်ထုတ်ခိုင်းခဲ့သဖြင့် မေလ ၂၆ ရက် သောကြာနေ့တွင် တာဝန်မှ ယာယီ ရပ်ဆိုင်းခံလိုက်ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗစ်ရှ်ဝါစ် သည် မေလ ၂၁ နေ့တွင် သူငယ်ချင်းများနှင့်အတူ ၎င်းတာဝန်ကျရာ ကန်ကာ ခရိုင်မှ ပါရယ်ကော့ ရေလှောင်ကန် ရှိရာသို့ ခရီးထွက်ခဲ့ကြသည်။ ထို့နောက် ရေလှောင်ကန်၌ အမှတ်တရ ဆယ်လ်ဖီရိုက်ရာမှ ဖုန်းက ရေထဲသို့ လွတ်ကျသွားခဲ့သည်။

မီဒီယာများ၏ ဖော်ပြချက်အရ ဗစ်ရှ်ဝါစ်သည် ဒေါ်လာ ၁,၂၀၀ တန် ဖုန်းအတွက် ရေလှောင်ကန်ထဲမှ ရေ ၂ မီလျံ လီတာ( ဂါလံလောင်း ၄ သိန်း ၄ ထောင်) ခန့်ကို သွန်ထုတ်ပစ်ခဲ့ကြောင်း သိရသည်။ အင်္ဂါနေ့တွင် ရေစသွန်ခဲ့ရာ၂ ရက်အတွင်း ကန်ထဲမှ ရေများ ပြောင်သလင်းခါ သွားခဲ့သည်။

ထိုပမာဏသည် လယ်ဧကပေါင်း ၁၄၂၈ ဧကကို ရေပေးသွင်းနိုင်သည်အထိ များပြားလှသည်။

ထို့ကြောင့် ဗစ်ရှ်ဝါစ်ကို အာဏာ အလွဲသုံးစားလုပ်မှုဖြင့် တာဝန်မှ ချက်ချင်း ရပ်ဆိုင်းလိုက်ကြောင်း ကန်ကာ ခရိုင်မှ အရာရှိတစ်ဦးက တိုင်းမ်စ်အော့ဖ်အိန္ဒိယ သတင်းစာကို ပြောလာသည်။ ဗစ်ရှ်ဝါစ် ကမူ ထိုဖုန်း၌ ဌာနဆိုင်ရာ အချက်အလက်များ ပါနေသောကြောင့် အမြန်ဆုံး ပြန်လည်ရယူနိုင်ရန် အတွက် ယခုကဲ့သို့ လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းလာခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here