ရန်ကုန် – မန္တလေး အမြန်လမ်းမဘေးရှိ ရတနာအောင် မြေကျောင်းတိုက်တွင် ဒူးရင်းသီး စတုဒိသာပွဲတော်ပြုလုပ်မည်

0
232

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇/၆ အနီး ရတနာအောင်မြေ ကျောင်းတိုက်၌ လာမည့် ဇွန် (၂) ရက်တွင် ဒူးရင်းသီးစတုဒိသာ ပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာအောင်မြေ ကျောင်းတိုက်ရိပ်သာ၏ ဒူးရင်းသီးစတုဒိသာပွဲတော်အား တောင်ပုလရန်အောင်မြင်ကပ်ကျော် သစ္စာရှင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် မေ (၂၁) ရက်က ပြုလုပ်သည့် ဒူးရင်းသီးစတုဒိသာပွဲတော်၌ မစားလိုက်ရသူများအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန် (၂) ရက်နံနက် (၆) နာရီ၌ ပြုလုပ်မည့် ဒူးရင်းသီးစတုဒိသာပွဲတော်တွင် ဒူးရင်းသီး အလုံးရေ ၂၀၀၀ လုံးအပြင် စတုဒိသာ နိဗ္ဗာန်ဈေးအဖြစ် ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ ပဲပြုတ်နံပြား၊ ကျောက်ကျော၊ လက်ဘက်ရည်၊ မုန့်ဟင်းခါး၊ မြန်မာမုန့်များကိုလည်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒူးရင်းသီး စတုဒိသာပွဲတော်အပြင် ရတနာအောင်မြေကျောင်းတိုက်ရိပ်သာ၌ တည်ထားကိုးကွယ်တော်မူသည့် ဆုတောင်းပြည့် နဂါးရုံဘုရားကြီးအား အနေကဇာတင်ခြင်း၊ ရေစက်ချခြင်း၊ ဆရာတော် ဒေါက်တာအရှင်အဂ္ဂဇေယျ(ရွှေမိုးမြေ)၏ ရဟန်းသက် (၂၆) နှစ်ပြည့် အထိမ်းအမှတ် အထူးတရားစခန်းပွဲ၊ ဆရာတော်ဒေါက်တာအရှင်အဂ္ဂဇေယျ (ရွှေမိုးမြေ)နှင့် တောင်ပုလဆရာတော်တို့အား သိက္ခာထပ်ဆင့်ကံမြှင့်ခြင်း မင်္ဂလာအခမ်းအနားများကိုလည်း ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရတနာအောင်မြေ ကျောင်းတိုက်ရိပ်သာ၏ ဒူးရင်းသီး စတုဒိသာပွဲတော်နှင့် ဆင်ယင်ကျင်းပမည့် မင်္ဂလာအခမ်းအနားများ၌ နိုင်ငံကျော်တေးသံရှင်များမှလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here