MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးနိုင်ရေး အဓိကထားဆောင်ရွက်ရမည့် အချက်(၄)ချက်

0
184

နေပြည်တော်၌ မေ ၂၇ ရက်မွန်းလွဲပိုင်းကပြုလုပ်ခဲ့သည့် အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃) သို့ နစက ဥက္ကဋ္ဌ တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့မှုများကို​ ​ကောက်နုတ်​ဖော်ပြလိုက်ပါသည်။

နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး အများစုမှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြပြီး ဒုတိယအနေဖြင့်‌မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ကြသူများဖြစ်ကြပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်ပစ္စည်းများသည် MSME လုပ်ငန်းများအတွက် သေချာသည့် ကုန်ကြမ်းများဖြစ်လာစေမည်ဖြစ်သည်။

နိုင်ငံခြားငွေလိုအပ်မှုသည် သွင်းကုန်ပမာဏများပြားနေခြင်း​ကြောင့်ပါဝင်​နေပြီး ပြည်တွင်း၌ ထုတ်လုပ်နိုင်သော်လည်း တင်သွင်းနေရမှုများမှာ မဖြစ်သင့်ကြောင်း၊ အလားတူ ပြည်ပသို့ တင်ပို့နိုင်သည့် ရောင်းတန်းဝင်ပစ္စည်းများရှိသော်လည်း ကုန်ထုတ်လုပ်မှုအားနည်းချက်ကြောင့် ပို့ကုန်ပမာဏနည်းပါးမှုများသည်လည်း မဖြစ်သင့်ပါကြောင်း၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန်တို့ဖြင့်ပြည်တွင်းစီးပွားရေးကိုမြှင့်တင်ရန်လိုအပ်သည်။

လျှပ်စစ်နှင့်ပတ်သက်၍ အစိုးရအဆက်ဆက်၌ စီမံကိန်းများရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများဖျက်သိမ်းခြင်း၊ ဆိုင်းငံခြင်းများကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ နှောင့်နှေးမှုများများစွာ ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် ကာလတို၊ ကာလရှည်၊ ကာလလတ်စီမံချက် ၃ မျိုးဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးကိုလည်း ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားနိုင်ရန်လိုအပ်သည်။

MSME လုပ်ငန်းများနှင့် အကြီးစားစက်မှုလုပ်ငန်းများ ချိတ်ဆက်နိုင်ရေး၊ပြည်ပမှရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ပါက နည်းပညာများရရှိနိုင်ပြီး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်သည်။

မြေနေရာအတွက် ဒေသတွင်းဝမ်းစာဖူလုံရေးအတွက် လယ်ယာမြေကို အခြားနည်းနှင့်အသုံးမပြုရန် ညွှန်ကြားထားပြီးကျန်သည့်နေရာများတွင် သက်ဆိုင်ရာ ဒေသဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်များက တင်ပြဆောင်ရွက်မည်ဆိုပါက ခွင့်မပြုပေးနိုင်စရာ အကြောင်းမရှိပါကြောင်း၊ မွေးမြူရေးဇုန်များ၊ စက်မှုဇုန်များကိုဖော်ထုတ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်လိုသည့် တိုင်းရင်းသားလုပ်ငန်းရှင်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များက ဖိတ်ခေါ်၍ လုပ်ကိုင်နိုင်ရန် ဖန်တီးပေးရမည်ဖြစ်သည်။

ငွေကြေးအရင်းအနှီးနှင့်ပတ်သက်၍ MSME ချေးငွေများကို စီမံ/ဘဏ္ဍာလုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ချေးနိုင်ရန်၊ ချေးငွေ ချေးယူမှုထပ်နေခြင်းမဖြစ်စေရန်၊ သတ်မှတ်ကာလတွင် ပြန်လည်ပေးသွင်းနိုင်ရန်၊ နိုင်ငံ့ဘဏ္ဍာငွေများဆုံးရှုံးမှုမဖြစ်စေရန်နှင့် အကျိုးရှိစွာ အသုံးချရန် တိုက်တွန်းကြောင်း၊သင့်တော်သည့် ချေးငွေမူဝါဒများကိုလည်း စဉ်းစားဆောင်ရွက်ကြရန် ၊ နိုင်ငံ့စီးပွားမ,တည်နိုင်ရေးအတွက် ရန်ပုံငွေမှဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ကျပ်(၄၀၀)ဘီလီယံကို တိုင်းဒေသကြီး၊ ပြည်နယ်များကို ခွဲဝေချထားပြီးဖြစ်၍ MSME စီးပွားရေးလုပ်ငန်းများကို အရှိန်ပြင်းပြင်းနှင့် ဆက်လက်ဆောင်ရွက်သွားရန်တိုက်တွန်းခဲ့သည်။

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးနိုင်ရေး အဓိကထားဆောင်ရွက်ရမည့် အချက်(၄)ချက်ဖြစ်သည့် လုပ်ငန်းသစ်များအစပျိုးရာတွင် တွေ့ကြုံရမည့်အခက်အခဲ အတားအဆီးများလျှော့ချရေး၊ ရင်းနှီးမတည်ငွေစီးဆင်းမှု၊ လွယ်ကူချောမွေ့စေရေး၊ အသိပညာပေးခြင်းနှင့် စွန့်ဦးတီထွင်မှုလုပ်ငန်းများကို အားကောင်းစေခြင်း၊ သတင်းကွန်ရက်ချိတ်ဆက်ခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် သတင်းအချက်အလက်ဖြန့်ဝေမှု အားကောင်းစေခြင်းဖြင့် နိုင်ငံတကာထောက်ပံ့မှုကွင်းဆက် (International Supply Chain)ထဲသို့ ဝင်ရောက်ခြင်းတို့ကို ဆောင်ရွက်ရမည်။

ထို့ပြင် MSME စီးပွားရေးလုပ်ငန်းများဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု (Digital Transformation) အတွက် မိမိတို့ဗဟိုကော်မတီအနေဖြင့်လည်း ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်တို့ကိုထည့်သွင်းပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here