ပြည်ကြီးတံခွန် မြို့နယ်အခွန်ဦးစီးရုံး အနီးတွင် လက်လုပ်မိုင်းပေါက်ကွဲ

0
135

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်ရှိ မြို့နယ်အခွန်ဦးစီးဌာနရုံးအနီးတွင် ယမန်နေ့ မေ (၂၇) ရက်ညပိုင်းက လက်လုပ်မိုင်းပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည (၆) နာရီကျော်ခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား (၂) ဦးက ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ (၇၈) လမ်းအရှေ့ဘက်၊ ၇၅(D)လမ်းနှင့် မြဝတီမင်းကြီး (၁)လမ်းကြားရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန (ပြည်ကြီးတံခွန်မြို့နယ်)ရုံးသို့ ရောက်ရှိလာကာ လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

“လက်လုပ်မိုင်းက မြို့နယ်အခွန်ရုံးရှေ့မှာပေါက်ကွဲသွားပါတယ်။ လက်လုပ်မိုင်း (၁) လုံးတည်းပါပဲ။ လူထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ ပိတ်ဆို့စစ်ဆေးတာတွေ စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် မြို့နယ်အခွန်ဦးစီးဌာနရုံးရှေ့ရှိ နေအိမ်တွင် ရပ်ထားသည့် ALPHARD ကား၏ ရှေ့လေကာမှန်၊ ကားညာဘက်ခြမ်း၊ ညာဘက်အနောက်ပိုင်းတို့တွင် မိုင်းစထိမှန်၍ ပျက်စီးသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here