ပြီးခဲ့သည့် ဧပြီလအတွင်း နိုင်ငံအတွင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) လုပ်ငန်းတစ်ခုသာရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။
အမေရိကန်ဒေါ်လာ (၃ ဒဿမ ၇၃) သန်းပမာဏရှိသည့် အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ကိုင်နိုင်ရန်အတွက် ဝင်ရောက်လာခြင်းဖြစ်ကြောင်း DICA ကဖော်ပြထားသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူ ဧပြီလတွင် အမေရိကန်ဒေါ်လာ (၅ ဒဿမ ၉၉) သန်း ဝင်ရောက်ခဲ့ပြီး ယခုဝင်ရောက်လာသည့် လုပ်ငန်းထက် ဒေါ်လာ (၂) သန်းကျော်ပိုများခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ (၁ ဒဿမ ၆) ဘီလီယံကျော် ဆွဲဆောင်နိုင်ခဲ့ပြီး စင်ကာပူက ဒေါ်လာ (၁ ဒဿမ ၁) ဘီလီယံကျော်နှင့် အများဆုံးဝင်ရောက်ခဲ့ကာ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှလည်း အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။