ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ပင့်ဆောင်မည့်လမ်းကြောင်းများ

0
197

နဝမမြောက်ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဇွန် ၆ ရက်တွင် ချမ်းမြသာစည်လေဆိပ်ဟောင်းတွင် မီးပူဇော်သွားမည်ဖြစ်ကြောင်း အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေးဦးစီးကော်မတီမှ သိရသည်။

ယင်းနေ့တွင်ဗန်းမော်ကျောင်းတိုက် ကမ္ဘောဇသာသနာ့ဗိမာန်၌အန္တိမအဂ္ဂိစျာပနအခမ်းအနားကိုနေ့လည်(၂) နာရီတွင်စတင်ကျင်းပမည်ဖြစ်ပြီး နေ့လည် (၃)နာရီခန့်တွင် ချမ်းမြသာစည်လေယာဉ်ကွင်းသို့ပင့်ဆောင်ပူဇော်ပါမည်။

ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှတဆင့် ၃၉ လမ်းမှ ၇၃ လမ်းအတိုင်း၊ ၇၃ လမ်းမှ ၃၈ လမ်းအတိုင်း၊ ၃၈ လမ်းမှ ၇၈ လမ်းအတိုင်း၊ ၇၈ လမ်းမှချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင့်ဆောင်တော်မူမည်ဖြစ်သည်။

ထိုသို့ ပင့်ဆောင်ရာ၌ ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကန်တော့မည့် ရဟန်းရှင်လူများအနေဖြင့် ဗန်းမော်ကျောင်းတိုက် ၊ချမ်းမြသာစည်လေဆိပ်ဟောင်းနှင့်ပင့်ဆောင်ရာ လမ်းကြောင်းတလျှောက် လမ်း၏ဘေးဘယ်ညာတို့တွင် ဂါရဝပြုကန်တော့နိုင်ကြောင်း အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေးဦးစီးကော်မတီမှ အသိပေးနှိုးဆော်ထားသည်။

ပျံလွန်တော်မူချိန်၌ သက်တော် (၉၄)နှစ် ဝါတော်(၇၄) ဝါရှိ ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်၌ ပူဇော်ထားရှိရာ ရဟန်းရှင်လူများအနေဖြင့် လာရောက်ဂါရဝပြုကန်တော့နိုင်သည်ဟုလည်း အသိပေးနှိုးဆော်ထားသည်။

ထို့ပြင် ဗန်းမော်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပ နပူဇာသဘင်အတွက် နဝကမ္မဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများအား ဗန်းမော်ကျောင်းတိုက်ရှိ အလှူခံမဏ္ဍပ်တွင် လာရောက်လှူဒါန်းနိုင်ကာ ဒေါ်မော်လီစန်း(ဖုန်း) ၀၉-၄၄၁၀၁၉၂၈၃ ၊ ဦးစိုးမိုးသိမ်း(ဖုန်း) ၀၉-၉၇၀၈၂၃၆၈၈ တို့သို့လည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆရာတော်ကြီးသည် ဧပြီ ၁၄ တွင် ဘန်ကောက်ဆေးကုသမူမှပြန်ကြွလာပြီးနောက်မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊မဟာနွယ်စဥ်ရပ်ကွက်ရှိ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဥ် မေ ၂၅ ရက်ည ၁၁ နာရီ ၁၁ မိနစ်က ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here