ဖိလစ်ပိုင်ရှိ အွန်လိုင်းဂိမ်းကုမ္ပဏီတွင် အဓမ္မအလုပ်စေခိုင်းခံနေရသည့် မြန်မာနိုင်ငံသား အယောက် (၄၀) ကျော်ကို ကယ်တင်နိုင်ခဲ့

0
287

ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့(Mabalacat City)အနီးရှိ အွန်လိုင်းဂိမ်းကုမ္ပဏီတွင် အဓမ္မ အလုပ်စေခိုင်းခံနေရသည့် မြန်မာနိုင်ငံသား (၄၂) ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ အွန်လိုင်းဂိမ်း လုပ်ငန်းများ လုပ်ဆောင်နေသည့် ကုမ္ပဏီကြီး တစ်ခုတွင် အတင်းအကြပ်စေခိုင်းခံနေရသည့် နိုင်ငံခြားသားများရှိကြောင်း သတင်းရရှိသဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးအဖြစ် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ဦးဆောင်၍ မေလ (၄) ရက် ညပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ရာမှ နိုင်ငံခြားသား စုစုပေါင်း (၁၁၃၇)ဦး အား ကယ်ထုတ်နိုင်ခဲ့ရာ မြန်မာနိုင်ငံသား (၄၂) ဦး ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့မှ ကယ်တင်ပေးခဲ့သည့် မြန်မာနိုင်ငံသား (၄၂) ဦးကို မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် မြန်မာသံရုံးအနေဖြင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ကာ မေလ (၂၇) ရက်တွင် ပထမအသုတ်အဖြစ် အမျိုးသမီး (၁၅) ဦးနှင့် အမျိုးသား (၅) ဦးတို့အား အဆင်ပြေချောမွေ့စွာ ပြန်လည်ပိုဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် စစ်သံရုံးတာဝန်ရှိသူများမှ မနီလာမြို့ရှိ နီနွိင်းအကွီနို အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ကြကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တဆင့် သိရသည်။

မြန်မာသံရုံးအနေဖြင့် ကျန်ရှိသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ စောလျင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ-ဖိလစ်ပိုင်နိုင်ငံတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်လာစဉ်(ပုံအဟောင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here