လင်ချန်းမြို့နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြင့် တရုတ် – မြန်မာဆက်ဆံရေး ပိုမိုတိုးတက်လာမည်ဟု စီးပွား/ကူးသန်းပြော

0
217

မြန်မာနိုင်ငံအနေဖြင့် လင်ချန်းမြို့နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့် တရုတ် – မြန်မာဆက်ဆံရေးပိုမိုတိုးတက်လာကြောင်း စတုတ္ထ အကြိမ်မြောက် မြန်မာ (နေပြည်တော်) – တရုတ်(လင်ချန်း) နယ်စပ်စီးပွား ကုန်သွယ်မှု ကုန်စည်ပြပွဲမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့တွင် ပထမအကြိမ် မြန်မာ – တရုတ် နယ်စပ်စီးပွားကုန်သွယ် ကုန်စည်ပြပွဲကို ၂၀၁၉ ခုနှစ်၌ လင်ချန်းမြို့ တာဝန်ရှိသူများနှင့် မြန်မာအစိုးရ စီးပွား/ ကူးသန်း ဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အစိုးရတို့ ပူးပေါင်း ကျင်းပခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒုတိယအကြိမ်နှင့် တတိယအကြိမ် နယ်စပ်ကုန်စည်ပြပွဲအား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် အွန်လိုင်းမှတဆင့် နှစ်နိုင်ငံ ပူးပေါင်းကျင်းပနိုင်ခဲ့ပြီး ယင်းသို့ ကျင်းပနိုင်ခဲ့ခြင်း၏ အကျိုးဆက်အနေဖြင့်အပြန်အလှန်ဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးရှိစွာပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခု စတုတ္ထအကြိမ်မြောက် မြန်မာ (နေပြည်တော်) – တရုတ်(လင်ချန်း) နယ်စပ်စီးပွားကုန်သွယ်မှု ကုန်စည်ပြပွဲ ရည်မှန်းချက်သည် တရုတ် – မြန်မာနှစ်နိုင်ငံ အတူတကွတည်ဆောက်သည့် “the Belt and Road”၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်နှင့် တရုတ် – မြန်မာအိန္ဒိယ သမုဒ္ဒရာ လမ်းကြောင်းသစ်တို့တွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်ဝင်ရောက်ခြင်းများ ဆောင်ရွက်သွားရန်၊ တရုတ်-မြန်မာ အစဉ်အလာရှိ ပေါက်ဖော်ချစ်ကြည်ရေးနှင့် အပြန်အလှန် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဆက်မပြတ် ခိုင်မာနက်ရှိုင်းလာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ၊ လင်ချန်းမြို့နှင့် မြန်မာနိုင်ငံ မြောက်ပိုင်းသည် ရေမြေချင်းဆက်စပ်နေပြီး နယ်စပ်မျဉ်းအရှည် ကီလိုမီတာ(၃၀၀)ထိ ထိစပ်နေကာ မြန်မာနိုင်ငံသို့ ဆက်သွယ်ထားသည့် နယ်စပ်ဂိတ်(၃)ခု၊ နိုင်ငံတော် အဆင့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဧရိယာ (၁)ခုရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လတွင် မုန်တင့်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှ စတင်ကာ မြန်မာနိုင်ငံ လားရှိုး၊ မန္တလေးတို့အားဖြတ်သန်း၍ ရန်ကုန်မှတဆင့် အိန္ဒိယ သမုဒ္ဒရာသို့ဝင်ရောက်နိုင်သည့် တရုတ် – မြန်မာ – အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ်အား ဖောက်လုပ်နိုင်ခဲ့ပြီး မီးရထား-သမုဒ္ဒရာ ပူးတွဲပို့ဆောင်ခြင်း နိုင်ငံတကာ ရထားတွဲများအား အောင်မြင်စွာ ချိတ်ဆက်ပေးနိုင်ခဲ့ကြောင်းလည်း စီးပွားကူးသန်း ဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

တရုတ် – ဥရောပ ရထားတွဲ၊ မန်ချူး – ရုရှားရထားတွဲနှင့် ယန်စီရွှေဝါရောင် ရေလမ်းကြောင်းတို့အား ဘက်ပေါင်းစုံမှ ဆက်စပ်ပေးနိုင်ခဲ့သဖြင့် မုန်တင့် – ချင်းရွှေဟော် နယ်စပ်ဂိတ်မှ ရန်ကုန်ဆိပ်ကမ်းသို့ (၇၂)နာရီအတွင်း ကုန်းလမ်းဖြင့် ရောက်နိုင်ခြင်း၊ ချန်တူးသို့ (၇၂) နာရီအတွင်း ရထားလမ်းဖြင့် ရောက်ရှိနိုင်ခြင်းစသည့် ကုန်စည်ပို့ဆောင်ရေးပုံစံ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here