(၅)ရက်အတွင်း ကျောင်းအပ်နှံသူ ၅ ဒဿမ ၄ သန်းအထိရှိလာ

0
215

ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ (၅)ရက်တာကာလအတွင်း ကျောင်းအပ်နှံသူဦးရေမှာ (၅.၄)သန်းအထိရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၅၄၇၄၃၇၁ ဦးရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန အောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် (၁) ရက် တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ် အဖြစ် မေ (၂၃) ရက်မှ မေ (၃၁) ရက် အထိ သတ်မှတ်၍ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေ (၂၃) ရက် နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိပြီး ယခုရရှိသည့် စာရင်းမှာ မေလ(၂၇)ရက်အထိ ရရှိသည့် ကျောင်းအပ်နှံပြီး အရေအတွက်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘ အုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံး စာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လာမည့် ၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ်တွင် စနစ်သစ်ပညာရေးအတွက် အခြေခံပညာအတန်းများကနေ အထက်တန်းပညာရေးအထိ ကျောင်းသားကျောင်းသူများသည် စုစုပေါင်း စာသင်နှစ် (၁၃) နှစ်အထိ တက်ရောက်သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ KG+12 ပညာရေးစနစ်သစ် မှာ သူငယ်တန်း KG အဆင့်ပြီးပါက မူလတန်းအဆင့်အဖြစ် ပထမတန်း (Grade1) မှ ပဉ္စမတန်း (Grade5)အထိ ၅နှစ်တက်ရောက်ရမှာဖြစ်ပြီး အလယ်တန်းအဆင့်ကို ဆဋ္ဌမတန်း (Grade 6) မှ နဝမတန်း (Grade 9)အထိ ၄နှစ်နဲ့အထက်တန်းအဆင့်ကို ဒသမတန်း (Grade 10)၊ ဧကဒသမတန်း (Grade 11)၊ နဲ့ ဒွာဒသမတန်း (Grade12) အထိ ၃ နှစ်တတ်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here