Express ကားနှင့် ဘုန်းကြီးကား မျက်နှာချင်းဆိုင်တိုက်မိရာမှ သံဃာတော်တစ်ပါး ပျံလွန်တော်မူကာ တစ်ပါး အပြင်းအထန်ဒဏ်ရာရ

0
589

မန္တလေးတိုင်းရှိ ကျောက်ပန်းတောင်း – မိတ္ထီလာ သွားကားလမ်း၊ မြိုင်သာယာ ဟင်းငုတ်ပင် စိမ်းစိုစခန်းအနီး၌ မေ (၃၀) ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မေတ္တာမွန်လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ မွန်းလွဲ (၂) နာရီကျော်ခန့်က ကျောက်ပန်းတောင်း – မိတ္ထီလာ သွားကားလမ်း မိုင်တိုင်အမှတ် ၄၆/၆ မြိုင်သာယာ ဟင်းငုတ်ပင် စိမ်းစိုစခန်းအနီးတွင် “ရွှေညာမြေ” အဝေးပြေး ခရီးသည်တင်(Express)ယာဉ်နှင့် သံဃာတစ်ပါး မောင်းနှင်လာသည့်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။

“ဘုန်းကြီးကားကို သံဃာတော်တစ်ပါးက မောင်းလာတာပါ။ မောင်းလာတဲ့ သံဃာတော်က အခင်းဖြစ်နေရာမှာပဲပျံလွန်တော်မူသွားပါတယ်။ ခရီးသည်တင်ကားပေါ်မှာပါတဲ့လူတွေက ဘာမှမဖြစ်ပါဘူး။ ကား (၂) စီးလုံးပျက်စီးတာရှိပေမယ့် ဘုန်းကြီးကားက ခေါင်းပိုင်းတစ်ခုလုံးရစရာ မရှိအောင် ပျက်စီးသွားတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဥ်တွင် ဘုန်းကြီးကျောင်းကားပေါ်၌လိုက်ပါလာသည့် သံဃာတော်တစ်ပါးတွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားဖြင့် ကျောက်ပန်းတောင်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here