ဇွန်လ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်း ထပ်ဖြစ်ကာ စစ်တွေမြို့အနီးက ထပ်ဖြတ်နိုင်ကြောင်း ခန့်မှန်းမှုများရှိနေ

0
190

လာမည့် ဇွန်လ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အတွင်း၌ ဆိုင်ကလုန်းမုန်တိုင်း တစ်ကြိမ်ဖြစ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်းမှတဆင့် ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ဝင်ရောက်နိုင်ချေရှိကြောင်း ခန့်မှန်းသုံးသပ်မှုများ ရှိနေသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ပထမ (၁၀) ရက်တာ မိုးလေဝသ ခန့်မှန်းချက်အရ ယင်းကာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်ကာ အားပိုကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

မိုးလေဝသခန့်မှန်းသူ ပြင်ပပညာရှင် ဦးဝင်းနိုင်ကလည်း ဇွန်လ (၃) ရက်တွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း မော်တင်စွန်းနှင့် ဟိုင်းကြီးကျွန်း၏ တောင်ဘက် မိုင် (၄၀) အကွာတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ဇွန်လ (၇) ရက် မနက်အစောပိုင်းတွင် အနောက်မြောက်ဘက်(ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ရွေ့လျားလာပြီး ဗဟိုဖိအား ၉၉၅ ဟက်တိုပါစကယ်လ် နှင့် လေတိုက်နှုန်း တစ်နာရီ မိုင် (၅၀) ကျော်ဖြစ်လာပြီး မုန်တိုင်းငယ်အဆင့်သို့ စတင်ရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

ထို့မှတဆင့် ဇွန်လ (၈) ရက် နေ့လယ် (၁၂) နာရီတွင် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ သံတွဲမြို့၏ အနောက်ဘက် (၁၀၅) မိုင်ကို ရောက်ရှိလာပြီး ဗဟိုဖိအား ၉၉၂ ဟက်တိုပါစကယ်(992hPa) အထိကျလာကာ လေတိုက်နှုန်း တစ်နာရီ (၈၀) မိုင်နှုန်းနှင့် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်မှတဆင့် သတိပေးမှုများလုပ် ဆောင်လျက်ရှိသည်။

ယင်းသို့ ဆိုင်ကလုန်း မုန်တိုင်းအဆင့် ရောက်ရှိကာ အမည်တစ်ခုရရှိလာပြီးနောက် မြောက်ဘက်နှင့် – အနောက် မြောက်ဘက်သို့လည်းကောင်း ဇွန်လ (၉) ရက်မွန်းလွဲပိုင်းတွင် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဇွန်လ (၉) ရက် ညပိုင်းတွင် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းသို့ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်‌ကျော်ကာ ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု ကြိုတင်ခန့်မှန်းချက်လမ်းကြောင်းအရ တွေ့ရှိထားကြောင်း ဦးဝင်းနိုင်က ပြောကြားထားသည်။

အဆိုပါ ခန့်မှန်းချက်များနှင့် ပတ်သက်၍ သတိထား စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

” လောလောဆယ်တော့ စောင့်ကြည့်ဆဲအနေအထားမှာပဲ ရှိသေးတယ်။ ဒါပေမဲ့ လာမယ့်ရက်တွေမှာတော့ သတိထားရမှာပေါ့။ ဖြစ်နိုင်မဖြစ်နိုင်ကို အတိအကျပြောလို့တော့ မရသေးဘူးပေါ့” ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

ပြီးခဲ့သည့် မေလ (၁၄) ရက်က ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် စူပါဆိုင်ကလုန်း မိုခါနှင့် ပတ်သက်၍လည်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ယခုကဲ့သို့ ခန့်မှန်းသတိပေးမှုများ လုပ်ဆောင်ခဲ့ပြီး ယခုဝင်ရောက်မည့် မုန်တိုင်းမှာ မိုခါဆိုင်ကလုန်းလောက် မပြင်းထန်နိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ကာ သတိပြုနေထိုင်သင့်ကြောင်း ထပ်ဆင့် သတိပေးမှုများလည်း လုပ်ဆောင်လျက်ရှိသ ည်။

ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်ပေါ်မည့်အချိန်နှင့် တပြိုင်တည်းတွင် အာရေဗျပင်လယ်တွင်လည်း မုန်တိုင်းဖြစ်ပေါ်ရန် အခြေအနေရှိနေကြောင်းလည်းရှိနေပြီး အနောက်တောင် မုတ်သုန်လေသည် အားအသင့်အတင့်မှ အားကောင်းနေနိုင်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မေလ (၁၄) ရက်က တစ်နာရီ လေတိုက်နှုန်း ၁၃၀ ဝန်းကျင်ဖြင့် တိုက်ခတ်ခဲ့သည့် စူပါဆိုင်ကလုန်း မိုခါ၏ ဒဏ်ကြောင့် မုန်တိုင်း ဗဟိုချက်တွင် ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် မြို့နယ်အများစုမှာ ပျက်စီးဆုံးရှုံးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေဆဲ အခြေအနေဖြစ်သည်။

မိုခါဆိုင်ကလုန်းကြောင့် လူဦးရေ (၁၀၀) ကျော် သေဆုံးခဲ့ရပြီး သန်းနှင့်ချီကာ မုန်တိုင်းဘေးဒဏ်ခံခဲ့ရကြောင်း ဒေသခံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စာရင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here