စက်မှုလယ်ယာဦးစီးဌာန က ရခိုင်ပြည်နယ်ရှိ တောင်သူများအား ထွန်စက် ၈၀ စီးဖြင့်ကူညီထွန်ယက်ပေးမည်

0
156

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်၌ လယ်ယာမြေများထိခိုက်ပျက်စီးခဲ့သဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စက်မှုလယ်ယာဦးစီးဌာနက တောင်သူ လယ်သမားများ မိုးရာသီအချိန်မီစိုက်ပျိုးနိုင်ရန် ထွန်စက် ၈၀ စီးဖြင့် ကူညီထွန်ယက်ပေးသွားမည်ဖြစ်သည်။

စက်မှုလယ်ယာဦးစီးဌာနမှ စစ်တွေမြို့တွင် မြင်းကောင်ရေ ၅၀ ရှိ နယူးဟော်လန် ထွန်စက် ၃၃ စီး၊ ၆ သွားထယ် ၃၃ လက်၊ဓားစက်ထွန် ၃၃ လက်၊ရသေ့တောင်မြို့နယ်တွင် ၁၉ စုံ၊စစ်တွေမြို့နယ် တွင် ၁၄ စုံထားရှိ၍ ကူညီထွန်ယက်ပေးသွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၌ ယခင်က ထွန်စက် ၄၇ စီးရှိပြီးဖြစ်၍ ယခု ထပ်မံရောက်ရှိလာသည့် ထွန်စက် ၃၃ စီး (စုစုပေါင်း ထွန်စက် ၈၀ စီး)ဖြင့် ကူညီထွန်ယက်ပေးမည်ဖြစ်ကာ ထွန်စက်တစ်စီးသည် တစ်ရာသီလျှင် အနည်းဆုံးလယ်ဧက ၂၂၀ အား စိုက်ပျိုးနိုင်သည်အထိ ထွန်ယက်ပေးနိုင်မည်ဖြစ်သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတား၌ စက်မှုလယ်ယာဦးစီးဌာနမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အသုံးပြုရန်ပေးပို့ထားသည့် ဘက်စုံသုံးထွန်စက် ၃၃ စီး အား MCL -3 သင်္ဘောမှ ဆိပ်ကမ်းပေါ်သို့ စက်ယန္တရားများဖြင့်တင်ချနေမှု၊မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဝင်းအတွင်း ယာယီထိန်းသိမ်းထားရှိမှုတို့ကို နစက အဖွဲ့ဝင်၊ ဒု-ဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဇွန် ၃ ရက်ကသွား​ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here