ဗန်းမော်ဆရာတော်ဘုရားကြီး၏ အရိုးဓာတ်ပြာတော်များအား မရမ်းခြံဆိပ်ကမ်း၌ ရေမျှောပူဇော်မည်

0
589

နဝမမြောက် ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား မီးပူဇော်ပြီးနောက် ကြွင်းကျန်ရစ်တော်မူမည့် အရိုးဓာတ်ပြာတော်များအား မရမ်းခြံဆိပ်ကမ်းမှတဆင့် ဧရာဝတီမြစ်အတွင်းသို့ ရေမျှောပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဇွန် ၆ ရက်ညနေပိုင်းတွင် အပူဇော်ခံထားသည့် ဗန်းမော်ကျောင်းတိုက်ရှိ “အေးကမ္ဘာဗိမာန်”ယာယီစံကျောင်းတော်မှတဆင့် ကရဝိတ်ဖောင်ဖြင့်ပင့်ဆောင်ကာ ချမ်းမြသာစည်လေဆိပ်ဟောင်း၌ မီးပူဇော်သွားမည်ဖြစ်သည်။

ထို့ပြင် ကြွင်းကျန်ရစ်တော်မူသည့် အရိုးဓာတ်ပြာတော်အိုးများအား ချမ်းမြသာစည်လေဆိပ်ဟောင်းမှပင့်ဆောင်ကာ ဇွန် ၇ ရက်နံနက်ပိုင်းတွင် မရမ်းခြံဆိပ်ကမ်းရှိ ကရဝိတ်ဖောင်တော်ရေယာဉ်ပေါ်ပင့်ဆောင်ပြီးနောက် ဧရာဝတီမြစ်အတွင်းသို့ ရေမျှောပူဇော်သွားမည်ဖြစ်သည်။

ဗန်းမော်ဆရာတော်ကြီး၏ အန္တိမဈာပနပူဇာသဘင်အခမ်းအနားအား နိုင်ငံတော်အဆင့်အနေဖြင့်ဆင်ယင်ကျင်းပသွားမည်ဖြစ်၍ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်တာဝန်ရှိသူများက ဇွန် ၂ ရက်တွင် အရိုးဓာတ်ပြာတော်ရေမျှောပူဇော်မည့် မရမ်းခြံဆိပ်ကမ်း၌ အခမ်းအနားအတွက်ကြိုတင်ပြင်ဆင်နေမှု၊ဧရာဝတီမြစ်အတွင်း အရိုးဓာတ်ပြာတော်အိုးများပင့်ဆောင်မည့် ကရဝိတ်ဖောင်တော်ရေယာဉ်ကြီးအားပြင်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မဟာအောင်မြေမြို့နယ်၊မစိုးရိမ်တိုက်သစ်ရှိ ဓမ္မစေတိယကျောင်းရှိ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့်မန္တလေးတိုင်း၊သံဃနာယကအ ဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် နာယက၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ တို့ကိုဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဆရာတော်ကြီးများအား ဗန်းမော်ဆရာတော်ကြီး၏ အန္တိမဈာပနပူဇာသဘင်အခမ်းအနားအား နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ သာသနာရေးထုံးတမ်းစဉ်လာများအတိုင်း အဆင်ပြေချောမွေ့စွာဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားမှု၊ရုပ်ကလာပ်တော်အား ယာယီစံကျောင်းတော်မှချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ကရဝိတ်ဖောင်တော်ယာဉ်ဖြင့်ပင့်ဆောင်၍ လောင်တိုက်ပြဿဒ်၌ တေဇောဓာတ်ပူဇော်ခြင်း၊အရိုးဓာတ်ပြာတော်အိုးများကို ချမ်းမြသာစည်လေဆိပ်ဟောင်းမှ ဧရာဝတီမြစ်၊မရမ်းခြံဆိပ်ကမ်းရှိ ကရဝိတ်ဖောင်တော်ရေယာဉ်ပေါ် ပင့်ဆောင်ပူဇော်ခြင်းနှင့်မြစ်အတွင်းရေမျှောပူဇော်ခြင်းတို့အတွက် စနစ်တကျစီမံဆောင်ရွက်ထားရှိမှုများကိုလျှောက်ထားတင်ပြပြီးနောက် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here