မြောက်ဥက္ကလာပတွင် နေအိမ်အိပ်ခန်းအတွင်းဖုန်းအားသွင်းထားရာမှ အားသွင်းကြိုးအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့

0
398

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊ဝေဘာဂီ (၅)ရပ်ကွက်တွင်အသက်(၄၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးတည်းနေထိုင်သည့် နေအိမ်တွင် ဇွန် ၄ ရက်(ယနေ့)ည ၇ နာရီ ၇ မိနစ်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ဝေဘာဂီ(၅) ရပ်ကွက်ရှိ နေအိမ်တစ်လုံးအားဌားရမ်းနေထိုင်သည့် အသက်(၄၅)နှစ်ခန့်ရှိ အမျိုးသားသည် နေအိမ်အိပ်ခန်းအတွင်း၌ ဖုန်းအားသွင်းထားပြီးနောက် အပြင်သို့ထွက်သွားစဥ် ဖုန်းအားသွင်းကြိုးအပူလွန်ကဲပြီး အနီးရှိမွေ့ယာပေါ်သို့ကျကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညှော်နံ့တွေထွက်လာလို့ မီးတွေလိုက်ပိတ်နေတုန်း ဘေးအိမ်ကနေ ဖောက်ဆိုပြီးအသံကြားလိုက်ရတယ် ဖန်ကွဲသံတွေလည်းကြားလိုက်ရတော့ အဲဒီအိမ်မှာနေတဲ့ ဦးလေးကြီးကနေမကောင်းဖြစ်နေတာ သူချော်လဲတယ်ထင်ပြီးသွားကြည့်တော့ မီးကလောင်နေပြီ မီးလောင်တာက အိပ်ခန်းထဲကနေစလောင်တာပါ “ဟု အိမ်နီးချင်းတစ်ဦးကပြောသည်။

မီးလောင်မှုအား မြောက်ဥက္ကလာပမြို့နယ်မီး သတ်စခန်းမှ၊မြောက်ဥက္ကလာပနယ်မြေမီးသတ်စခန်း၊ဝေဘာဂီနယ်မြေမီးသတ်စခန်း၊ရွှေပေါက္ကံနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၁၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here