မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂၁.၂၂၈ သန်းရရှိထား

0
275

မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးကဏ္ဍမှ ကုန်သွယ်မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂၁.၂၂၈ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဖော်ပြထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

အဆိုပါ ကုန်သွယ်မှုဝင်ငွေသည် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁)ရက်မှ မေလ (၂၆) ရက်အထိ ရရှိထားသည့် ဝင်ငွေပမာဏဖြစ်ပြီး တရုတ်နှင့် (၉၀) ရာခိုင်နှုန်းနီးပါးကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်နယ်စပ်ဂိတ်မှ အများဆုံး ဝင်ငွေရရှိထားခြင်း ဖြစ်သည်။

အဆိုပါ ကာလအတွင်း တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးကဏ္ဍမှ ဆောင်ရွက်ထားသည့် ပို့ကုန်/ သွင်းကုန် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၇၈.၂၅၄ သန်းရရှိထားခြင်းဖြစ်ပြီး သွင်းကုန် ကုန်ကျငွေမှာ ၂၅၇.၀၂၆ သန်း ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသ ည်။

မြန်မာ – တရုတ်နယ်စပ် ဂိတ်များဖြစ်သည့် မူဆယ်နယ်စပ်ဂိတ်မှ အမေရိကန်ဒေါ်လာ ၃၉၀.၉၂၈သန်း၊ လွယ်ဂျယ်နယ်စပ်ဂိတ်မှ အမေရိကန်ဒေါ်လာ ၁၅.၈၄၅ သန်း၊ ချင်းရွှေဟော်ဂိတ်မှ အမေရိကန်ဒေါ်လာ ၁၂၉.၁၅၃သန်း၊ ကံပိုက်တီနယ်စပ်ဂိတ်မှ အမေရိကန်ဒေါ်လာ ၄၁.၀၁၈ သန်း နှင့် ကျိုင်းတုံနယ်စပ်ဂိတ်မှ အမေရိကန်ဒေါ်လာ ၁.၃၁၀ သန်း ကုန်သွယ်မှုဝင်ငွေများရရှိထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောတင်ပို့မှုနှင့် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အများဆုံးဝင် ငွေရရှိထားပြီး၊ သွင်းကုန်ကဏ္ဍတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းနှင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို အများဆုံးတင်သွင်းထားကြောင်း စီးပွားကူးသန်း၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက်ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းတွေကို တရုတ်ပြည်သို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here