တစ်ခါသုံးပလတ်စတစ်နှင့်ပတ်သက်၍လျှော့သုံး၊ပြန်လည်သုံး၊ ကုန်ကြမ်းအဖြစ်ပြန်လည်ပြုပြင်သုံးရန် 3R ကိုတိုက်တွန်း

0
226

ယနေ့သည်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ နှစ်ပတ်လည်နေ့ဖြစ်သဖြင့် နစက ဥက္ကဋ္ဌက ဇွန် ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-2 ၌ပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင်တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ မြေပေါ်သယံဇာတဖြစ်သည့် သစ်နှင့်ဝါးကုန်ကြမ်းများပေါ၍တစ်ခါသုံးပလတ်စတစ် အစားထိုးသုံးပစ္စည်းများကိုစနစ်တကျထုတ်လုပ်နိုင်သော အခြေခံများရှိပြီးဖြစ်သည်ဟု ဆိုသည်။

ပြည်တွင်းမှပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် ပတ်ဝန်းကျင်ကိုညစ်ညမ်းစေသည့် စွန့်ပစ်ပစ္စည်းများအား တတ်နိုင်သမျှလျှော့ချရန်၊ပြန်လည်သုံးစွဲရန်နှင့်စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့် ပြည်တွင်းရှိ အသေးစား၊အငယ်စား၊အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးကို အားပေးဆောင်ရွက်ရမည်ဟု ဆိုသည်။

“ပြည်တွင်းမှာမလိုလားအပ်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို ရှောင်ရှားနိုင်ဖို့ ပြည်ပနိုင်ငံတွေက စွန့်ပစ်ပစ္စည်းတွေ တင်သွင်းလာမှုတွေမရှိစေဖို့အတွက်လည်း အထူးအလေးထားဆောင်ရွက်သွားကြရပါမယ် နိုင်ငံအတွင်းမှာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်တဲ့ စနစ်နဲ့အမှိုက်ခွဲခြား သိမ်းဆည်းတဲ့စနစ်တွေ ပိုမိုကောင်းမွန်လာစေဖို့ အကောင် အထည်ဖော်ဆောင်ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး ပလပ်စတစ်ညစ်ညမ်းမှုမှကင်းဝေးပြီး ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရန်၊ပလတ်စတစ်ညစ်ညမ်းမှုကိုလျော့ကျစေရန် 3R စနစ်ဖြစ်သည့် ပလတ်စတစ်သုံးစွဲမှုကိုလျှော့ချခြင်း(Reduce)၊တစ်ခါသုံး ပလတ်စတစ်သုံးစွဲမှုရှောင်ကြဉ်ပြီး ပြန်လည်အသုံးပြုခြင်း (Reuse)နှင့်စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ်ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Recycle)တို့ကို ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဟု ဆိုသည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဆုရရှိသည့် နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ် မှတာဝန်ရှိသူ၊ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆုရရှိသည့် ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့နယ်၊မရဲ့အုန်းပင်စုကျေးရွာမှ တာဝန်ရှိသူ၊ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောစက်ရုံဆုရရှိသည့် Global Earth Seafood Processing Plant and Cold Storage Facility Global Earth ARGO and AQUA Industry Public Company Limited မှ တာဝန်ရှိသူတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here