အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ် ၆ ခု အပါအဝင် အခြားဆုတံဆိပ်များ ဆွတ်ခူး

0
80

ကမ္ဘောဒီးယားနိုင်ငံတွင် ဇွန် ၃ ရက်မှ ၉ ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့သည် ဇွန် ၅ ရက်နေ့ ပွဲစဥ်ပြီးသည့်အချိန်အထိ ရွှေတံဆိပ် ၆ ခု၊ငွေတံဆိပ် ၉ ခုနှင့် ကြေးတံဆိပ် ၅ ခု ဆွတ်ခူးရရှိထားသည်။

မြန်မာအားကစားအဖွဲ့သည် ဇွန် ၄ ရက်နှင့် ၅ ရက်နေ့တွင် ယှဥ်ပြိုင်ကစားခဲ့ပြီးနောက် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်ဆု ၄ ခုနှင့် ရေကူးအားကစားနည်းမှ ရွှေတံဆိပ်ဆု ၂ ခုရရှိထားသည်။ ထို့ပြင် ပြေးခုန်ပစ်အားကစားနည်းမှ ငွေတံဆိပ်ဆု ၅ ခုနှင့် ရေကူးအားကစားနည်းမှ ငွေတံဆိပ်ဆု ၄ ခု ရရှိထားပြီး ကြေးတံဆိပ်ဆုများကို ပြေးခုန်ပစ်အားကစားနည်းမှ ၄ ခု၊ ရေကူးအားကစားနည်းမှ ၁ ခု (စုစုပေါင်း ဆုတံဆိပ် ၂၀ ခု) ရရှိထားသည်။

ရွှေတံဆိပ်ဆုကို ထက်ထက်အေး၊ စိန်ဖော့၊ စိုးပေ၊ မောင်လင်း၊ အောင်မြင့်မြတ်၊ မင်းထူး၊ ငွေတံဆိပ်ဆုကို  လော်လာဝင်း၊ ဝေဝေသင်း၊ စည်သူထက်၊ အောင်မြင့်မြတ်၊ မင်းထူး၊ ကျော်ထူး၊ နိုဇင်နှင့် ကြေးတံဆိပ်ဆုများကို ထက်ထက်အေး၊ အောင်မြင့်ဌေး /စိုးပေ /သူရဇော် /အောင်မြင့်မြတ်၊ အောင်မြင့်ဌေး၊ နန္ဒာလင်း၊ ကျော်ထူးတို့က ဆွတ်ခူးပေးထားခြင်းဖြစ်သည်။

ကျန်အားကစားနည်းများဖြစ်သည့် စစ်တုရင်၊ ဘော်လီဘော၊ ဘောလုံး၊ အလေးမ၊ ဂိုးလ်ဘော၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများလည်း ဆက်လက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် ဇွန်လ ၆ ရက်(ယနေ့)တွင်လည်း စစ်တုရင်၊ ရေကူး၊ ဘော်လီဘော၊ အ လေးမ၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်အားကစားနည်းများကို ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here