ဖုန်းဆင်းကတ်များ မှတ်ပုံတင်ခြင်းနှင့် အမည်ပေါက်ပြုလုပ်ရန် ဆက်သွယ်ရေးအော်ပရေတာများ ထပ်မံအသိပေး

0
234

ဖုန်းဆင်းကတ်များ မှတ်ပုံတင်ခြင်းနှင့် အမည်ပေါက်ပြုလုပ်ရန်အတွက် လက်ရှိကိုင်ဆောင်သူ၏ အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ် မှန်/မမှန် စစ်ဆေးပြီး မှတ်ပုံတင်ပြုလုပ်ရန် ဆက်သွယ်ရေးအော်ပရေတာများက ထပ်မံအသိပေးထားသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဖုန်းဆင်းကတ်များကို မှတ်ပုံတင်ရန် ညွှန်ကြားထားကြောင်းနှင့် ယခုလို မှတ်ပုံတင်ခြင်းနှင့် အမည်ပေါက်ပြုလုပ်ရန် ဧပြီလမှစတင်ကာ ဆောင်ရွက်ခိုင်းခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း၌ အသုံးပြုနေသည့် ဆင်းကတ်များ မှတ်ပုံတင်ထားခြင်းမရှိပါက အထွက်ခေါ်ဆိုမှုနှင့် ဒေတာအသုံးပြုမှုကို ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် လက်ရှိတွင် အချို့ ဖုန်းဆင်းကတ်များ စတင်ပိတ်သိမ်းခံရမှုများရှိနေကြောင်း ဖုန်းအသုံးပြုသူများထံမှ သိရသည်။

“ဖုန်းဆင်းကတ်တွေက သူတို့ ဟိုတစ်ခါကြေညာထားပြီးကတည်းက မှတ်ပုံတင်ထားပြီးသား။ အခုလည်း message တွေခဏခဏပို့ပြီး ပို့တဲ့ message တွေထဲမှာ လူဝင်မှုကြီးကြပ်ရေးဌာနက အချက်အလက်နဲ့ မကိုက်ညီဘူးဆိုပြီး ပြန်မှတ်ပုံတင်ခိုင်းတယ်”ဟု MPT ဆင်းကတ်သုံးစွဲသူတစ်ဦးကပြောကြားသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနက ဖုန်းဆင်းကတ်သုံးစွဲသူများကို မှတ်ပုံတင်ခြင်းနှင့် အမည်ပေါက်ပြုလုပ်ရန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက အသိပေးကြေညာခဲ့ပြီး မှတ်ပုံမတင်သည့် ဆင်းကတ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်တွင်း၌ ဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့် အော်ရီဒူး၊ အက်တမ် (တယ်လီနော)၊ MPT ၊ Mytel စသည့် ဆင်းကတ်များကို မှတ်ပုံတင်ပြီးမှသာ သုံးစွဲရမည်ဖြစ်ကြောင်း၊ ဆင်းကတ်များ မှတ်ပုံတင်ရာတွင်လည်း ဖြည့်စွက်ရမည့်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက်မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ကြောင်းနှင့် လက်ကျန်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here