မုံရွာတွင် အင်ဗာတာ အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ် မီးလောင်၍ နေအိမ် (၉) လုံး ပျက်စီးဆုံးရှုံး

0
150

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းကမ်းနားအနီးရှိ နေအိမ်တစ်လုံးတွင် အင်ဗာတာအပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအသင်း(မုံရွာ)တို့မှ သိရသည်။

ယနေ့ ဇွန်လ (၇) ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် (၉) လုံး မီး လောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

မီးလောင်မှုအား စစ်ကိုင်းတိုင်း မီးသတ်စခန်း၊ မုံရွာခရိုင်မီးသတ်စခန်း၊ မုံရွာမြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“မီးလောင်တဲ့နေရာမှာ အိမ်လေးတွေက ကပ်နေတော့ နေအိမ် (၉) လုံးလောက်တော့ မီးလောင်ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရတာဆိုရင် ကယ်ဆယ်ရေးသမားတစ်ယောက်က မီးဝိုင်းငြှိမ်းနေရင်း ကြွင်းထဲပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရသွားတယ်။ နောက်အမျိုးသမီးတစ်ယောက်ကတော့ နေအိမ်မီးလောင်နေတာကိုတွေ့ပြီး အမောဖော က်သွားတယ်”ဟု မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအသင်း(မုံရွာ)မြို့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူနှင့် အမောဖောက်လူနာတို့အား မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအသင်း(မုံရွာ)မြို့မှ မုံရွာဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here