Kakhovka ဆည်ပြိုပျက်မှုကြောင့် အိမ်ခြေ ၂၇၀၀ ခန့် ရေလွှမ်းခဲ့ပြီး လူ ၁၃၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

0
166

ယူကရိန်းတို့တိုက်ခိုက်သဖြင့် Kakhovka ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ဆည် ပြိုကျပျက်စီးပြီးနောက် ရုရှားထိန်းချုပ်နယ်မြေ Kherson ဒေသရှိ အိမ်ခြေ ၂၇၀၀ ခန့် ရေလွှမ်းခဲ့ကြောင်း ယင်းဒေသရှိ အရေးပေါ်ဝန်ဆောင်မှုဌာနများက ပြောကြားခဲ့သည်။

“နောက်ဆုံးအချက်အလက်တွေအရ Kherson ဒေသရဲ့ နေရာ ၁၅ ခုမှာ အိမ်ခြေ ၂၇၀၀ ခန့် ရေလွှမ်းမိုးခဲ့ပါတယ်။ စုစုပေါင်း လူ ၂၂၀၀၀ လောက် နေထိုင်တဲ့နေရာတွေဖြစ်ပါတယ်။ လူပေါင်း ၁၃၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

အာဏာပိုင်များသည် လူပေါင်း ၅၅၀၀ အထိ နေထိုင်နိုင်သည့် ယာယီအမိုးအကာ ၄၀ ကို တည်ဆောက်ပေးခဲ့ပြီး၊ လက်ရှိတွင် အရပ်သား ၃၄၅ ဦး နေထိုင်လျက်ရှိကြသည်။

အာဏာပိုင်များက ဒေသတွင်း အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

အင်္ဂါနေ့ညတွင် ယူကရိန်းစစ်တပ်သည် Olkha MLRS မှဟု ယူဆရသည့် တပ်ဖွဲ့သည် Kakhovka ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (HPP) ကို တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် ဆည်ရှိ ဟိုက်ဒရောလစ် အဆို့ရှင်များကို ပျက်စီးစေပြီး ရေများကို ထိန်းချုပ်မရတော့ပဲ ရေများလျှံထွက်လာသည်။ Novaya Kakhovka ဒေသတွင် ရေသည် ၁၂ မီတာ အမြင့်အထိ လွှမ်းမိုးသွားခဲ့သည်။

လက်ရှိတွင် ရေနစ်မြုပ်နေသည့် နေရာ ၁၄ ခုရှိပြီး စုစုပေါင်း ကျေးရွာ ၈၀ ခန့် ရေနစ်မြုပ်နေနိုင်ကြောင်းသိရသည်။ စက်ရုံ၏ ဆည်ပြိုကျမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလည်း ပြင်းထန်ခဲ့သည်။ Dnieper မြစ်တစ်လျှောက်ရှိ လယ်မြေများ မျောပါသွားကာ မြောက်ခရိုင်းမီးယားတူးမြောင်း တိမ်ကောလာမည့် အန္တရာယ်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here