ထိုင်းနိုင်ငံသို့ MoU U-Turn စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် မြန်မာ – ထိုင်းနှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမည်

0
165

ထိုင်းနိုင်ငံသို့ MoU U-Turn စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းလုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ မြန်မာ – ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ အစည်းအဝေးကျင်းပပြုလုပ်ပြီး ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွန်လ (၆) ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများအား MoU U-Turn စနစ်ဖြင့် စနစ်တကျ ပြန်လည်စေလွှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ထည့်သွင်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် လက်ရှိလုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအား U-Turn စနစ်ဖြင့် ပြန်လည်စေလွှတ်ရာတွင်ဖြစ်စေ၊ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးသည့် MoU စနစ် အလုပ်သမား(လူဟောင်း)များကို ယခင်အလုပ်ရှင်ထံသို့ ပြန်လည်စေလွှတ်ရာတွင်ဖြစ်စေ လုပ်ငန်းစဉ်ကို သတ်မှတ်ညွှန်ကြားထားသည့်အတိုင်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်လိုအပ်ပြီး အလုပ်ရှင်၊အလုပ်သမား နှင့်အေဂျင်စီများအကြား တာဝန်ယူမှုစနစ် တည်ဆောက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ MoU U-Turn စနစ်ဖြင့် အလုပ်သမားများ ပြန်လည်စေလွှတ်ရာတွင် သတ်မှတ်ချိန်ကာလအတွင်း လုပ်ငန်းစဉ်များ မြန်မြန်ဆန်ဆန်ဆောင်ရွက်ပြီး ပြန်လည်စေလွှတ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလုပ်ခေါ်စာတွင်ပါရှိသည့် အမှန်တကယ် ခေါ်ယူလိုသော အလုပ်သမားအရေအတွက်အပေါ် မြန်မာအေဂျင်စီများမှ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်နှင့် အလုပ်သမားကလည်း မည်သည့်အေဂျင်စီက တာဝန်ယူဆောင်ရွက်ပေးနေသည်ကို သိရှိရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားထားသည်။

ထိုင်းနိုင်ငံသို့ MoU U-Turn စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းလုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်း၊ ဖြေလျှော့ပေးရမည့်အချက်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို လုပ်ငန်းစဉ်များအလိုက် အကြံပြုဆွေးနွေးတင်ပြပေးစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ယင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here