မအူပင်မြို့တွင် ငလျင်များလှုပ်ခတ်မှုကြောင့် ရွှေဘုန်းမြင့်စေတီ၏ စိန်ဖူးတော်မြေခကာ သီလရှင် ၁ ပါးနှင့်အမျိုးသမီး ၁ ဦးသေဆုံးခဲ့

0
306

ဧရာဝတီတိုင်း၊မအူပင်မြို့တွင် ဇွန် ၇ ရက်(ယနေ့)နေ့လည်ပိုင်းက ငလျင်များလှုပ်ခတ်ခဲ့သဖြင့် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်မြေခကာ သီလရှင် ၁ ပါးနှင့်အမျိုးသမီး ၁ ဦးတို့သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့နေ့လည် ၃ နာရီခန့်မှစတင်ကာ မအူပင်မြို့တွင် ငလျင်လှုပ်ခတ်မှု ၅ ကြိမ်ခန့်ဖြစ်ပေါ်ခဲ့ကာ ၂ ကြိမ်မှာပြင်းထန်မှုရှိပြီး ၃ ကြိမ်မှာပြင်းထန်မှုမရှိဘဲ အင်အားအနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။

“မိုးဇလမှာ ညောင်တုန်းကိုဗဟိုပြုပြီးငလျင်လှုပ်ခဲ့တယ်ဆိုပေမယ့် ကျွန်တော်ညောင်တုန်းဖက်ကအသိတွေကိုမေးကြည့်တော့ သူတို့ဖက်မှာနည်းနည်းပဲလှုပ်သွားတယ်လို့ပြောတယ် ကျွန်တော်တို့ဖက်မှာလှုပ်တာက ၅ ကြိမ်ရှိပြီ ၂ ကြိမ်ကအတော်ကြမ်းတယ်”ဟု မအူပင်မြို့ခံတစ်ဦးကပြောသည်။

မအူပင်မြို့၌ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်မြေခသွားခဲ့ပြီး မိုးကုတ်ရိပ်သာတွင်လည်း အဆောက်အဦးတစ်ခု၏ လသာဆောင်ပြိုကျမှုကြောင့် သီလရှင် ၁ ပါးနှင့်အမျိုးသမီးယောဂီ ၁ ဦးတို့သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ပထမအကြိမ်လှုပ်တာက အားသိပ်မများဘူး ဒုတိယအကြိမ်လှုပ်တဲ့အချိန်မှာ ရွှေဘုန်းမြင့်စေတီရဲ့ စိန်ဖူးတော်တိုင်ကကွေးသွားတယ် တတိယအကြိမ်လှုပ်တဲ့အခါမှာ စိန်ဖူးတော်မြေခသွားခဲ့တာပါ မအူပင်တက္ကသိုလ်မှာလည်း အဆောက်အဦးပျက်စီးတာတွေရှိတယ် တစ်ချို့နေရာတွေမှာလည်း အပျက်အစီးတွေရှိတယ်”ဟု မအူပင်မြို့ခံတစ်ဦးကပြောသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခြင်းများအား လုံခြုံရေးအဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များနှင့်တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here