နိုင်ငံတစ်ဝန်း Atom ဆင်းကတ်သုံးစွဲသူ ၁၈ သန်းကျော်ရှိပြီး နိုင်ငံ၏ ၉၅ ရာခိုင်နှုန်းတွင်အသုံးပြုနိုင်

0
219

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် Atom ဆင်းကတ်သုံးစွဲသူ ၁၈ သန်းကျော်ရှိပြီး နိုင်ငံ၏၉၅ ရာခိုင်နှုန်းတွင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အက်တမ်(ATOM) ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပေါ်ပြူလာနယူးစ်သို့ ဖြေကြားထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြို့နယ်ပေါင်း (၃၁၂) ခု၏ ၉၀ ရာခိုင်နှုန်းတွင် 4G ဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီး မြန်မာနိုင်ငံတွင် အကောင်းဆုံး အဆင့်မြင့် 4.5G နည်းပညာကို အသုံးပြုထားကြောင်း၊ နိုင်ငံတစ်ဝန်းတွင် တယ်လီကွန်း တာဝါတိုင်ပေါင်း (၉,၀၀၀) ကျော် လည်ပတ်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် အက်တမ် (ATOM) အနေဖြင့် လူမှုအသိုင်းအဝိုင်း ကူညီထောက်ပံ့မှုကို ကုမ္ပဏီ၏ ကျင့်ဝတ်ဝတ္တရားနှင့် တန်ဖိုးများ၏ အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအနေဖြင့် သတ်မှတ်ထားကြောင်း၊ ယင်းကြောင့် အဓိက ဦးတည်ချက်သုံးခုဖြစ်သည့် ပညာရေး နှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း၊ လူနေမှုဘဝနှင့်ပညာရေးကို အဆင့်မြှင့်တင်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်း အစရှိသည်တို့ကို ဦးစားပေးလုပ်ဆောင်နေကြောင်း သိရသည်။

“ ဇွန်လ ၉ ရက်နေ့မှ ကျွန်တော်တိုရဲ့ အက်တမ် (ATOM) ကတစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူ customer တွေကို ပြောပြချင်တဲ့ အဓိကအကြောင်းအရာကတော့ “ကျေးဇူးတင်ပါတယ်” ဆိုတာပါပဲ။ ဒီတစ်နှစ်တာခရီးလမ်းတလျှောက်မှာ .. အက်တမ် (ATOM) အပေါ် ဆက်လက်ယုံကြည်ပေးနေမှုတွေအတွက် ကျွန်တော်က ကျေးဇူးတင်ပြီး အသိအမှတ်ပြုချင်ပါတယ်။ ဒီအတောအတွင်း .. ဘယ်အချက်တွေကို … ကောင်းကောင်းလုပ်ခဲ့လဲ၊ ဘယ်နေရာမှာတော့ .. အက်တမ် (ATOM) အသုံးပြုသူ customer တွေရဲ့ လိုအပ်ချက်တွေကို သေချာ မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးလဲ စတဲ့အချက်တွေကို ကျွန်တော်တို ပြန်လည်သုံးသပ်သွားမှာပါ”ဟု ၎င်းကပြောကြားခဲ့သည်။

ထိုပြင် အခမဲ့ တယ်လီဖုန်းမှတစ်ဆင့် ရယူနိုင်သည့် ကျန်းမာရေး ဝန်ဆောင်မှုများ Trust Oo ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းပြီး ကုဒ်အတို ၇၈၈၇ သုံးရုံဖြင့် အကန့်အသတ်မရှိ အခမဲ့ ၂၄ နာရီ တယ်လီဖုန်းမှတစ်ဆင့် ရယူနိုင်သည့် ကျန်းမာရေးဆွေးနွေး ဝန်ဆောင်မှုတွေကို အက်တမ် (ATOM) customer တွေအားလုံးအတွက် ပေးအပ်ခဲ့ပြီး လက်ရှိအချိန်ထိ လူပေါင်း (၄၀,၀၀၀) သည် အခမဲ့ဆေးဘက်ဆိုင်ရာ ဆွေးနွေးမှုတွေကို ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တချိုနယ်စပ်ဒေသများတွင် ATOM ကွန်ရက်ကို ပိုပြီးဖြန့်ကျက်နိုင်ရန် လုပ်ဆောင်နေပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်လောက်တွင် အပြီးသတ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ လက်ရှိတွင် နိုင်ငံ၏ အကောင်းဆုံး အဆင့်မြင့် 4.5G ကွန်ရက်ကို အသုံးပြုနေပြီး 5G ဝန်ဆောင်မှုကိုလည်း ဖြန့်ဝေနိုင်သည့် ပထမဆုံး မြန်မာ တယ်လီကွန်းကုမ္ပဏီဖြစ်လာအောင်လည်း ကြိုးစားလုပ်ဆောင်နေကြောင်း သိရသည်။

ယင်းအပြင် အက်တမ် (ATOM) အဖွဲသားတွေ၏ ကိုယ်စား လွန်ခဲ့သည့် တစ်နှစ်တာကာလတွင် အက်တမ် (ATOM) အသုံးပြုသူ customer တွေနှင့် မြန်မာပြည်သူပြည်သားတွေကို လူနေမှုဘဝတွင် အဓိပ္ပာယ်ပြည့်စုံပြီး ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာဖို့ဆိုသည့် ခံယူချက်ဖြင့် နောင်လာမည့်နှစ်များတွင်လည်း ယခုထက်ပိုကောင်းသည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ၎င်းတို့အနေဖြင့် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here