နိုင်ငံတော်ဓာတ်အားစနစ်မှ စစ်တွေမြို့ပေါ်ရပ်ကွက်များသို့ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူး

0
99

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြို့ပေါ်ရပ်ကွက်များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးခြင်းကို ယမန်နေ့ ညပိုင်းက စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ရာနှုန်းပြည့်နီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည့် စစ်တွေမြို့ပေါ်က လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ၊ ထရန်စဖော်မာများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရာမှ ဇွန် (၇) ရက်၊ ည (၈) နာရီခွဲခန့်မှစတင်၍ စစ်တွေမြိုပေါ်ရပ်ကွက်များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်းသည်။

လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးခြင်းအား စစ်တွေမြို့ရှိ (၆၆/၁၁)ကေဗွီ စစ်တွေဓာတ်အားခွဲရုံ၌ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်မှ ၁၁ ကေဗွီ မေယု(၁)ဓာတ်အားလိုင်း၊ ပြည် ထောင်စုဝန်ကြီး ဦးမျိုးသန့်က မေယု(၂)ဓာတ်အားလိုင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မေယု(၃) ဓာတ်အားလိုင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မေယု (၄) ဓာတ်အားလိုင်းတို့အား စက်ခလုတ်နှိပ်၍ ဓာတ်အားပို့လွှတ်ပေးခဲ့ကြသည်။

အဆိုပါ နိုင်ငံတော်ဓာတ်အားစနစ်မှ စစ်တွေမြိုပေါ်ရပ်ကွက်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်းမှာ “မိုခါ”မုန်တိုင်းအလွန်ကာလ ဓာတ်အားဖြန့်ဖြူးမှု ပထမအဆင့်အနေဖြင့် ပြန်လည်ဖြန့်ဖြူးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here