ယခုရက်ပိုင်းအတွင်း မုတ်သုံလေ အားအလွန်ကောင်းနေ၍ နိုင်ငံတစ်ဝန်း မိုးကြီးမည်

0
156

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေ၍ ယနေ့ ဇွန်လ ၈ ရက်မှ ၁၃ ရက်နေ့အထိ နိုင်ငံတစ်ဝန်း မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

မုတ်သုံလေ အားအလွန်ကောင်းနေခြင်းကြောင့် လေပြင်းတိုက်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုမှုအန္တရာယ်တို့ကို သတိပြုနေထိုင်ကြရန်လည်း မိုးဇလက အသိပေးကြေညာထားသည်။

ဇွန်လ ၈ ရက်၊ နံနက် ၁၁ နာရီ သတင်းထုတ်ပြန်ချက်အရ ယနေ့နံနက်မှ ဇွန်လ ၁၃ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့၌ မုတ်သုံလေ အားကောင်းလာရာမှ အားအလွန်ကောင်းနေသောကြောင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့မှ လွဲ၍ ကျန်ဒေသများတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးကြေညာထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်နှင့် မြစ်ချောင်းများအနီး နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် လေကြောင်းခရီးစဉ်များ၊ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် သတိပြုသွားလာကြရန်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here