ဇွန်လ (၅) ရက်အထိ မိုခါ မုန်တိုင်းသင့် ဒေသများအတွက် အလှူငွေ ကျပ် ၂၆ ဒဿမ ၀၀၉ ဘီလျံနှင့် ဒေါ်လာ ၃၇၅၀၀၀ ကျော်ရရှိထား

0
202

မိုခါ မုန်တိုင်းဒဏ်သင့် ဒေသများအတွက် နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်များက အလှူငွေများ လှူဒါန်းလျက်ရာဇွန်လ (၅) ရက်အထိ မြန်မာ့စီးပွားရေးဘဏ်သို့ ဝင်ရောက်ပြီး အလှူငွေကျပ် ၂၆ ဒဿမ ၀၀၉ ဘီလျံနှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သို့ ဝင်ရောက်ပြီးအလှူငွေ အမေရိကန်ဒေါ်လာ ၃၇၅၀၀၀ ကျော်ရရှိထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ အရန်ဆန်တန်ချိန် ၁၀၀၀၀ (ဆန်အိတ် ၂၀၀၀၀၀) ကို ဆန်စပါးအသင်းချုပ်ထံမှ ဝယ်ယူခဲ့ပြီး ရခိုင်ပြည်နယ်အတွက် လျာထားဆန်အိတ် ၆၀၀၀၀၊ အလှူရှင်များကလှူဒါန်းသည့် ဆန်အိတ် ၂၁၆၉ အိတ်၊ စုစုပေါင်း ၆၂၁၆၉ အိတ်ကို စစ်တွေမြို့သို့ ပိုဆောင်ပေးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ချင်းပြည်နယ်သို့ ဆန်အိတ် ၆၄၀၊ စစ်တွေမြို့သို့ သွပ်အချပ်ရေ ၃၀၄၅၀၂ ချပ်ကို ပို့ဆောင်ပေးခဲ့ပြီး ASEAN –ERAT အဖွဲ့နှင့် စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့များတွင် ကွင်းဆင်း၍ စစ်တမ်းကောက်ယူခဲ့ပြီး AHA Center မှ ကူညီထောက်ပံ့ရေးပစ္စည်းများကို လေယာဉ်ခုနှစ်ခေါက်စာ လက်ခံရရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် မေလ (၁၄) ရက်တွင် ရခိုင်ကမ်းရိုးတန်းသို့ တစ်နာရီမိုင် (၁၃၀) ကျော်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ကို ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းဖြတ်ကျော်ရာ လမ်းကြောင်း တလျှောက်ရှိ မြို့နယ်အများစုတွင် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here