UNDP က ရခိုင်ပြည်နယ်ရှိ လယ်သမားနှင့် ငါးဖမ်းသမားများအတွက် စပါးမျိုးစေ့နှင့် လုပ်ငန်းပြန်လည် လည်ပတ်ရန် လိုအပ်သည့် ကိရိယာများ ပံ့ပိုးကူညီမည်

0
151

ရခိုင်ပြည်နယ်ရှိ လယ်သမားနှင့် ငါးဖမ်းသမားများအတွက် စပါးမျိုးစေ့ အပါအဝင် ဓာတ်မြေဩဇာ၊ ဂဏန်းထောင်ချောက်၊ လှေနှင့် ငါးဖမ်းပိုက်များ အပါအဝင် ၎င်းတို့၏ လုပ်ငန်းလည်ပတ်ရန် အရေးတကြီး လိုအပ်နေသည့် ကိရိယာများကို လာမည့်သီတင်းပတ်များအတွင်း ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း UNDP က ထုတ်ပြန်ကြေညာထားသည်။

UNDP အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လယ်သမားနှင့် ငါးဖမ်းသမားများအတွက် လိုအပ်သောပစ္စည်းများကို ပံ့ပိုးကူညီပေးနေရာ လူဦးရေ ၃၅,၀၀၀ ကျော်အထိ မျိုးစေ့မျိုးစုံ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး မုတ်သုံရာသီမတိုင်မီ ၎င်းတို့ ၏ အိမ်ခြံများတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်စေရန်လည်း ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း UNDP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် လယ်သမားများနှင့် ငါးဖမ်းသမားများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်ပျက်စီးရခြင်းသည် ရေရှည်တွင် စားနပ်ရိက္ခာရရှိနိုင်မှုအတွက် ထိခိုက်မှုများ ပိုဆိုးလာနိုင်သည့်အတွက် ယခု ပံ့ပိုးပေးမှုသည် ယင်းအခက်အခဲများကို ကူညီပေးနိုင်မည်ဖြစ်ကြောင်းလည်း UNDP က ဆိုသည်။

မိုခါမုန်တိုင်း ရခိုင်ပြည်နယ်အတွင်း ဖြတ်ကျော်ဝင်ရောက်မှုကြောင့် လယ်ယာမြေများ ထိခိုက်ပျက်စီးခြင်း၊ မျိုးစေ့များဆုံးရှုံးခြင်းနှင့် ငါးဖမ်းလှေများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ လယ်သမားများနှင့် ငါးဖမ်းသူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်ခဲ့ရကြောင်း UNDP ကဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here