MFF RHINO Futsal League 2022 ပြိုင်ပွဲတွင် VUC FC ဗိုလ်ဆွဲ

0
152

MFF RHINO Futsal League 2022 Champion Play-Off Match Grand Final ပွဲစဉ်အဖြစ် MFF Futsal Stadium တွင် ယနေ့ ယှဉ်ပြိုင်ကစားခဲ့ကြသော VUC FC နှင့် MIU FC တို့ပွဲစဉ်တွင် VUC FC က ၂-၀ ဖြင့် အနိုင်ရရှိပြီး ချန်ပီယံ ဆုဖလားကို ရယူနိုင်ခဲ့သည်။

VUC FC သည် အမှတ်ပေးဇယားတွင် အဆင့် ၁ နေရာ၌ ရပ်တည်နိုင်ခဲ့သည့်အသင်းဖြစ်ပြီး Champion Play-Off Match နောက်ဆုံးအဆင့် ပွဲစဉ် ပထမပွဲတွင် MIU FC ကို ရှုံးနိမ့်ခဲ့ရသော်လည်း ဒုတိယပွဲစဉ်နှင့် Grand Final ပွဲစဉ်တို့တွင် ပြန်လည် အနိုင်ရရှိခဲ့သောကြောင့် MFF RHINO Futsal League 2022 ပြိုင်ပွဲ၏ ချန်ပီယံ ဆုဖလားကို ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ပွဲစဉ်အပြီးတွင် ဆုပေးပွဲအခမ်းအနားကျင်းပခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဖူဆယ်နှင့် သဲသောင်ပြင် ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ဖူဆယ်နှင့် သဲသောင်ပြင် ဒု-ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ MIU FC အသင်းပိုင်ရှင် ဒေါ်ပို့ပို့ကြည်နှင့် ဖူဆယ်ဌာန တာဝန်ခံ ဦးရဲဝင်းထွန်းတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြိုင်ပွဲ၏ အသန့်ရှင်းဆုံးဆု ရရှိခဲ့သည့် Winner Soccer FC ကို အမှတ်တရဆုနှင့် ငွေသားကျပ် ၅ သိန်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရရှိသော VUC FC မှ ဝေဇင်ဦး နှင့် အကောင်းဆုံးဂိုးသမားဆု ရရှိသော MIU FC မှ ညီညီသန့်တို့ကိုအမှတ်တရဆုနှင့် ငွေသားဆု ကျပ် သုံးသိန်းစီ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အဆင့်လေးနေရာ ရရှိခဲ့သော Generations FC ကို ဆုကြေးငွေကျပ် (၁၀) သိန်း၊တတိယရရှိသော Dream Team FC ကို ပြိုင်ပွဲမှ ပေးအပ်သော တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးငွေကျပ် သိန်း(၃၀) အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ထပ်တိုးချီးမြှင့်ငွေကျပ် (၁၀)သိန်း ချီးမြှင့်ခဲ့သည်။

ဒုတိယဆု ရရှိခဲ့သော MIU FC သည် ပြိုင်ပွဲမှ ပေးအပ်သော တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးငွေကျပ် သိန်း(၅၀) အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ထပ်တိုးချီးမြှင့်ငွေကျပ် သိန်း(၅၀)ကို ရရှိခဲ့သည်။

ပြိုင်ပွဲ၏ ချန်ပီယံဆု ရရှိခဲ့သော VUC FC အသင်းသည် ပြိုင်ပွဲမှ ပေးအပ်သော တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးငွေကျပ် သိန်း(၁၀၀) အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ထပ်တိုးချီးမြှင့်ငွေကျပ် သိန်း(၅၀)ကို ရရှိခဲ့သည်။

ထို့နောက် VUC FC အသင်းအား MFF RHINO Futsal League 2022 ပြိုင်ပွဲ၏ ချန်ပီယံဆုဖလားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here