‌ထိုင်းနိုင်ငံတွင် မြန်မာလူမျိုးဟု ယူဆရသူ အမျိုးသမီး နှစ်ဦး ဆိုင်ကယ်တိမ်းမှောက်ကာ ကုန်တင်ကားဖြင့် ကြိတ်မိပြီး သေဆုံး

0
208

ထိုင်းနိုင်ငံ၊ ဆုန်ခရာခရိုင်၊ စဒေါင်မြို့၊ စမ်နတ်ခမ်ကျေးရွာအုပ်စု (၁) တွင် မြန်မာလူမျိုးဟု ယူဆရသူ အမျိုးသမီး နှစ်ဦး ကုန်တင်ကားကြိတ်ခံရ၍ သေဆုံးခဲ့သည့်ဖြစ်စဉ် ဇွန်လ ၈ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ဇွန်လ ၈ ရက်၊ ည ၁၂နာရီခွဲခန့်က စဒေါင်မြို့၊ စမ်နတ်ခမ်ကျေးရွာအုပ်စု(၁)၏ ဘုန်းကြီးကျောင်းရှေ့တွင် မြန်မာလူမျိုးဟု ယူဆရသူ အမျိုးသမီး နှစ်ဦးသည် ဆိုင်ကယ်မောင်းနှင်လာစဥ် ရှေ့မှကွေ့မည့် ပစ်ကပ်ကားအား တိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိမ်းမှောက်စဥ် နောက်ကမောင်းနှင်လိုက်ပါလာသည့် ကုန်တင်ကားက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားသည့် ဆိုင်ကယ်ပေါ်မှ အမျိုးသမီး နှစ်ဦးအား တက်ကြိတ်မိခဲ့သဖြင့် အမျိုးသမီး နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ပစ်ကပ်ကားက ကွေ့မှာဖြစ်တဲ့အတွက် ရှောင်ရင်းတိမ်းမှောက်သွားတာ။ ကုန်တင်ကားကလည်း ရုတ်တရက်ကြီးဖြစ်သွားတော့ ထိန်းလိုမရတော့ဘဲ တက်ကြိတ်မိသွားတာပါ။ သိရသလောက်ဆိုရင် ကွေ့မယ့်ကားကိုရှောင်ရင်း ဆိုင်ကယ်က ကုန်တင်ကားနဲ့ ပစ်ကပ်ကားကြားမှာ မှောက်သွားတာပါ။ သေဆုံးသွားတဲ့အမျိုးသမီး နှစ်ယောက်က အသက်ခန့်မှန်းချက်အရဆိုရင် ၂၅ နှစ်နဲ့ ၃၀ ဝန်းကျင်လောက်ပါ” ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် သေဆုံးသူ နှစ်ဦးအား မြန်မာလူမျိုးဖြစ်မည်ဟု ယူဆရခြင်းမှာ သေဆုံးသူများ၏ ဖုန်းများကို စစ်ဆေးရာတွင် မြန်မာစာများတွေ့ရှိခဲ့၍ မြန်မာနိုင်ငံသူများဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သုံးသပ်ခဲ့ကြကြောင်း သိရသည်။

သေဆုံးသူ မြန်မာနိုင်ငံသူ ၂ ဦးဟု ယူဆရသူများ၏ ရုပ်အလောင်းများအား ဆုန်ခရာခရိုင်၊စဒေါင်မြို့မှ လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ပိုဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here