တန်ပြန်ထိုးစစ်ဆင်ရာတွင် ယူကရိန်းဖက်မှ ဆုံးရှုံးမှုများပြားကြောင်း အမေရိကန်ဆို

0
725

မကြာသေးမီရက်များအတွင်းက ယူကရိန်းနိုင်ငံအရှေ့ဘက်ရှိ ရုရှားရှေ့တန်းမျဉ်းများကို ဖောက်ဖျက်ရန် ပထမဆုံးတန်ပြန်ထိုးစစ်ဆင်မှုတွင် ရုရှားတပ်ဖွဲ့များ၏ ခုခံမှုမှာ မျှော်လင့်ထားသည်ထက် ပိုမိုများပြားနေခြင်းကြောင့် ယူကရိန်းတပ်ဖွဲ့များဖက်မှ အကြီးစားလက်နက်များနှင့် စစ်သားများ ဆုံးရှုံးခဲ့ရကြောင်း အမေရိကန်အကြီးတန်းအရာရှိနှစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန်မှ ထောက်ပံ့ပေးထားသော MRAP သံချပ်ကာယာဉ်များ အပါအဝင် ဆုံးရှုံးမှုများကို အမေရိကန် အရာရှိတစ်ဦးမှ ဖော်ပြခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် Bakhmut အရှေ့ဘက်ရှိ ရုရှားတပ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း တင့်ကားဖျက်ဒုံးများနှင့် လက်နက်ကြီးများ တပ်ဆင်ထားသည့် ရုရှားတပ်ဖွဲ့များသည် ၎င်းတို့ခံစစ်မျဉ်းများအတွင်းမှ ပြင်းထန်စွာ ပြန်လည်ခုခံခဲ့ကြသည်။ ထိုသို့ပြန်လည်ခုခံနိုင်လိမ့်မည်ဟုလည်း ယူကရိန်းတို့က မျှော်လင့်မထားချေ။

အမေရိကန်နှင့် အနောက်နိုင်ငံများမှ တာဝန်ရှိသူများသည် တန်ပြန်ထိုးစစ်အတွက် လအတော်ကြာအချိန်ယူကာ ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ ယခုရက်သတ္တပတ်တွင် ထိုးစစ်သည် လမ်းကြောင်းများစွာတွင် ဖြစ်ပွားနေသည်ဟု ယူကရိန်းဒုတိယကာကွယ်ရေးဝန်ကြီး Hanna Maliar က ပြောကြားခဲ့သည်။

“ဒါက Bakhmut နဲ့ ပတ်သက်တာမဟုတ်ဘူး။ ထိုးစစ်ဟာ လမ်းကြောင်းများစွာမှာ ဖြစ်ပွားနေပါတယ်” ဟု Hanna Maliar က ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် အနောက်တိုင်း တာဝန်ရှိသူများကမူ ယူကရိန်း၏ တန်ပြန်ထိုးစစ်သည် အနောက်တိုင်းမှ ပံ့ပိုးပေးသော စနစ်များအပါအဝင် ယူကရိန်းတပ်ဖွဲ့များနှင့် ကိရိယာတန်ဆာပလာများအားလုံးကို အသုံးချကာ အချိန်ယူတိုက်ခိုက်ရမည်ဟု မျှော်လင့်ထားပြီး စွန့်စားမှုလည်းကြီးမားကြောင်း ဆိုသည်။

Bakhmut အနီး ယူကရိန်း တန်ပြန်ထိုးစစ်သည် ပျက်ပြားသွားသည်ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here