ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များဦးစီးမှူးရုံးအား ရီမုမိုင်းဖြင့်ဖောက်ခွဲခဲ့သည့် Brave Eagle အဖွဲ့ဝင် ၅ ဦးအားဖမ်းမိရာ ယခင်​​ဖောက်ခွဲ​ရေးလုပ်​ဆောင်ခဲ့သူများဖြစ်

0
508

ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ်၊အမှတ်(၄) ရပ်ကွက်၊ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များဦးစီးမှူးရုံး၊ ၃ လွှာရှိ ကုမ္ပဏီများဆိုင်ရာအခွန်ဌာန၏ စတီးထိုင်ခုံများဘေးတွင် ဇွန် ၅ ရက်မွန်းတည့် ၁၂ နာရီကျော်ခန့်က ရီမုမိုင်းပေါက်ကွဲခဲ့သည်။

ပေါက်ကွဲမှုကြောင့် ဝန်ထမ်း ၅ ဦးနှင့်အရပ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဇွန် ၇ ရက်နံနက်ပိုင်းတွင် ရီမုမိုင်းဖောက်ခွဲသူနေထိုင်သည့် ကြည့်မြင်တိုင်မြို့နယ်၊အုန်းပင်လမ်းနှင့်ဗိုလ်သူရလမ်းပေါ်ရှိ တိုက်အမှတ်(၂၇)၊(၂)လွှာ၊ အခန်း(B)သို့ သွားရောက်ဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူမှာထွက်ပြေးသွားခဲ့ပြီး တိုက်ခန်းအတွင်းမှ လက်ပစ်ဗုံး ၄ လုံး၊လက်လုပ်ဗုံး ၁ လုံး၊အင်္ကျီနှင့်ပုဆိုးတို့အား သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် ထပ်မံစုံစမ်းမှုများပြုလုပ်ပြီး ယင်းတိုက်ခန်းအား ဌားရမ်းနေထိုင်သည့် အောင်မြင်သူ (ခ)အောင်လှိုင်ဝင်းအား ဇွန် ၈ ရက်ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ရီမုမိုင်းဖောက်ခွဲသူ အောင်မြင့်မြတ်(ခ)ပြည့်ဖြိုးအောင် (ခ)Mood အပါအဝင် ဓနနောင်ဝင်း(ခ)ရှိုင်းထက်ကိုကို(ခ) Roke ၊ကျော်စည်သူ(ခ)Jack ၊အောင်ခန့်ပိုင်(ခ)ဝီလီယံတို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ Brave Eagle အဖွဲ့ဝင် ၅ ဦးအား လက်ပစ်ဗုံး ၄ လုံး၊လက်လုပ်ဗုံး ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်မြို့အတွင်း၌ ဖောက်ခွဲမှု ၇ ကြိမ်နှင့်ဇွန်လအတွင်း ဗဟန်းမြို့နယ်ရှိ Mytel တာဝါတိုင်နှင့်ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအား မိုင်းထောင်ဖောက်ခွဲရန် စီစဉ်ထားမှုတို့ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

၎င်းတို့သည် လက်လုပ်မိုင်းဖောက်ခွဲမှု ၁ ကြိမ်လျှင် ဖောက်ခွဲသူသည် ငွေကျပ် ၁ သိန်း၊အခြေအနေကြည့်ရှုပေးသူသည် ငွေကျပ် ၃ သောင်းရရှိကြောင်းလည်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန်နှင့်ဖမ်းဆီးရန်ကျန်ရှိသူများအား ထပ်မံဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here