ကိုယ်ဝန်သည် ဆယ်ကျော်သက် ရည်းစားကို မီးရှို့သတ်ခဲ့သည့် အမျိုးသားအား ထောင်ဒဏ် ၁၈ နှစ်သာ ချမှတ်

0
227

ပြင်သစ်တရားရုံးတစ်ခုသည် ဇွန်လ ၉ ရက် သောကြာနေ့တွင် အသက် ၁၅ နှစ်အရွယ် ချစ်သူမိန်းကလေးအား ဓားဖြင့်ထိုးကာ အရှင်လတ်လတ်မီးရှို့သတ်ခဲ့သော အမျိုးသားကို ထောင်ဒဏ် ၁၈ နှစ်သာ ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုသည် ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသတ်ခံရသူမှာ ရှိုင်းနား ဟုခေါ်သော အလယ်တန်းကျောင်းသူ ဖြစ်ကြောင်း တရားရုံးက ပြောထားသည်။ တရားခံ၏ အမည်ကိုမူ ဖော်ပြခြင်းမပြုရန် တားမြစ်ထားသည်။ ထိုအမှုနှင့်ပတ်သက်၍ ပြင်သစ်ပြည်သူများ ဒေါသပုန်ထနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှိုင်းနား၏ ချစ်သူဖြစ်သည့် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသားသည် ရှိုင်းနား ကိုယ်ဝန်ရနေသည်ကို သိရှိပြီးနောက် ပါရီမြို့မြောက်ဘက်၊ ခရီးလ်မြို့ရှိ တဲတစ်ခုသို့ လာရောက်ရန် သွေးဆောင်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အလောင်း ခွဲစိတ်စစ်ဆေးမှုအရ ရှိုင်းနားသည် ဓားဖြင့် အချက်ပေါင်းများစွာ အထိုးခံခဲ့ရပြီး မီးစရှို့ခံရချိန်တွင်လည်း အသက်ရှင်နေဆဲပင် ဖြစ်သည်။ အစိုးရရှေ့နေ လုဝိစ် အာဘရီရယ်ကမူ အဆိုပါ လူသတ်မှုမှာ အဆင့်တိုင်းကို ကြိုတင်ပြင်ဆင်၍ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုအမှုသည် ထောင်ဒဏ် အနှစ်၂၀ သို့မဟုတ် ၃၀ ကျခံရမည့် အမှုဖြစ်သော်လည်း တရားခံမှာ ပြစ်မှု ကို ကျူးလွန်ချိန်တွင် အရွယ်မရောက်သေးသောကြောင့် ထောင်ဒဏ် ၁၈ နှစ်သာ ချမှတ်ခဲ့ရသည်ဟု သိရသည်။ တရားခံကမူ သူမသတ်ကြောင်း ယတိပြတ်ငြင်းဆိုထားသည်။

ပြင်သစ်နိုင်ငံ၌ အမျိုးသမီးတစ်ဦးအား လက်ရှိရည်းစား သို့မဟုတ် ရည်းစားဟောင်းက သတ်ဖြတ်ခြင်းမှာ သုံးရက်တစ်ကြိမ် ဖြစ်ပွားနေကြောင်း တရားဝင်အချက်အလက်များက ဖော်ပြထားသည်။

ရှိုင်းနား၏ အသတ်ခံရမှုသည် သူ့အသက်အရွယ်နှင့် ကိုယ်ဝန်ရှိနေခြင်းကြောင့်သာ ထိတ်လန့်စရာကောင်းခြင်း မဟုတ်ပေ။ ထိုဖြစ်ရပ်မတိုင်မီ ရှေ့ ၂ နှစ်ကလည်း ရှိုင်းနားသည် လူငယ် ၄ ဦး၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရကြောင်း သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here