ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့်မြို့နယ်များတွင် ကိုဗစ် (၁၉) ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးနေ

0
78

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်မြို့နယ်များတွင် အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့ (PRT) များ စေလွှတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အချို့တွင် ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီးတွင် အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့များ၏ ဖြန့်ခွဲတာဝန်ထမ်းဆောင်မှုအခြေအနေမှာ ရသေ့တောင်မြို့နယ်တွင် (၂)ဖွဲ့၊ မောင်တော၊ စစ်တွေ၊ပေါက်တော၊ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်တို့တွင် (၁)ဖွဲ့စီထားရှိပြီး ပုဂ္ဂလိကဆေးရုံများအသင်း၊ ဆေးအဖွဲ့အား မြောက်ဦးမြို့နယ်သို့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်စေခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆေးတက္ကသိုလ်(၁)နှင့် ဆေးတက္ကသိုလ်(၂) ရန်ကုန်မှ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့နှစ်ဖွဲ့သည် ကျောက်တော်မြို့နှင့် မင်းပြားမြို့များတွင် အခြေပြု၍လည်းကောင်း၊ ဆေးတက္ကသိုလ်(မန္တလေး) မှ အထူးကုဆရာဝန်ကြီးများသည် ရသေ့တောင်မြို့နှင့် ပေါက်တောမြို့များတွင် အခြေပြု၍လည်းကောင်း ကုသမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အထူးကုဆရာဝန်ကြီးများအဖွဲ့တွင် အထွေထွေရောဂါ၊ ခွဲစိတ်ကုလူနာ၊ ကလေးရောဂါ၊ အရိုးအကြော၊ မျက်စိ၊ သားဖွားမီးယပ်၊ သွားနှင့်ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများကို ကုသပေးသည့်အပြင် ထပ်ဆောင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here